မူလတန်းကျောင်းအတွင်း လက်နက်ကြီး ကျရောက်မှု တပ်မတော်နှင့် AA အပြန်အလှန် စွပ်စွဲ

မူလတန်းကျောင်းအတွင်း လက်နက်ကြီး ကျရောက်မှု တပ်မတော်နှင့် AA အပြန်အလှန် စွပ်စွဲ
ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 ဖေဖော်ဝါရီ ၁၄ ။                  ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခမီးချောင်းကျေးရွာ (အမက) မူလွန် စာသင်ကျောင်း အတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့တို့ မိမိတို့ မပစ်ကြောင်း ငြင်းကာ အပြန်အလှန် စွပ်စွဲ ပြစ်တင်နေကြသည်။

ဘူးသီးတောင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၃ ရက်က တပ်မတော်နှင့် ရခိုင့်တပ်(AA)တို့ တိုက်ပွဲ ဖြစ်ပွားစဉ် AA အဖွဲ့သည် ခမီးချောင်းကျေးရွာ၏ အနောက်ဘက်သို့ ဝင်သွားစဉ် တပ်မတော်က လိုက်လံ နယ်မြေ ရှင်းလင်းရာ တပ်မတော်ဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ရာမှာ စာသင်ကျောင်းအတွင်းသို့ ကျရောက်သွားခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

 “ဒဏ်ရာရသူ ၁၅ ယောက်ရှိတယ်။ ၅ ယောက်တော့ ဆေးရုံပို့ လိုက်တယ်။ ကျန်တဲ့ သူတွေကိုတော့ တပ်က ဆေးမှူးတွေ က ကုသပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ မိမိတို့သည် လက်နက်ကြီးများ ပစ်ခတ်ခြင်းမရှိကြောင်း၊ ရှေ့တန်း စစ်မြေပြင်တွင်လည်း အသုံးပြုခြင်းမရှိကြောင်း ပြောသည်။

“အဲ့မှာ မြန်မာ စစ်တပ်ကပဲ ဘူးသီးတောင် ဌာနချုပ် ကနေပြီးတော့ တောက်လျောက် ပစ်နေတာ ၁၂၂ တို့၊ ၁၀၅ တို့၊ ၁၂၀ တို့၊  ၈၁ မမ တို့နဲ့ တောက်လျောက် လှမ်းပြီး ပစ်နေတာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် မိမိတို့အနေဖြင့် ၈၁ မမ ကဲ့သို့ ဗုံးသီးများ သိမ်းဆည်း ရမိတာမျိုး ရှိသော်လည်း ထည့်ပစ်စရာ လက်နက် မရှိကြောင်း ဦးခိုင်သုခက ပြောသည်။

စာသင်ကျောင်းအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုအပေါ် တပ်မတော်နှင့် AA တို့မှ မိမိတို့ မပစ်ဘူးဟု ငြင်း ဆိုနေကြသော်လည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက စာသင်ကျောင်းအတွင်းသို့ လက်နက်ကြီးကျ ရောက်ခဲ့ခြင်း ကြောင့် ကျောင်းသား/ကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များမှ ပြောသည်။

အဆိုပါ ကျောင်းသား/ ကျောင်းသူများထဲမှ ၁၀ နှစ်အရွယ် ကျောင်းသူတစ်ဦးသည် အတွင်းလူနာအဖြစ် ဘူးသီးတောင်မြို့ နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေသလို နောက်တစ်ဦးမှာလည်း ဘူးသီးတောင် မြို့နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေ ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောမင်းသိန်းက “၁၇ ယောက် ကျွန်တော်တို့ဆီ ရောက်တယ်။ နှစ်ယောက် ပဲ ကျွန်တော်တို့ ဆေးရုံတင်ပါတယ်။ ၁၅ ယောက်က ပြင်ပလူနာနဲ့ပဲ ပြန်လွှတ် လိုက်ပါတယ်။ တစ်ယောက်ကတော့ ဘယ် ဘက် အပေါ်မေးရိုး ကျိုးသွားပါတယ်။ ထပ်ဆင့်ပြီး စစ်တွေ ဆေးရုံလွှဲဖို့ ပြင်ဆင်နေပါတယ်။ အသက် အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး”ဟု ပြောသည်။

ခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ တိုက်ပွဲများ ယနေ့ချိန်ထိ ဖြစ်ပွားလျက်ရှိ ရာ အရပ်သား သေဆုံးမှု ၁၀၀ ကျော်ရှိသလို ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)မှ သိရသည်။

ထိုတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်မှာလည်း တစ်သိန်းကျော် ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly