ပုဂံမှာ ညစ်ညမ်းဗီဒီယိုရိုက်ကူးသူတွေကို အမှုဖွင့်ထား၊ နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဖော်ထုတ်သွားမည်

ပုဂံမှာ ညစ်ညမ်းဗီဒီယိုရိုက်ကူးသူတွေကို အမှုဖွင့်ထား၊ နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဖော်ထုတ်သွားမည်
Photo - EPA

ဖေဖေါ်ဝါရီလ ၁၄ရက်။            ။ ပုဂံယဉ်ကျေးမှုနယ်မြေတွင် ညစ်ညမ်းဗီဒီယိုရိုက်ကူးသူ နိုင်ငံခြားသားများကို အမှုဖွင့်ထားပြီး နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့(International Criminal Police Organization)နှင့် ချိတ်ဆက်ကာ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုနှင့် သုတေသနဌာန ပုဂံဌာနခွဲမှ သိရသည်။

ပုဂံဘုရားတစ်ဆူပေါ်တွင် ရိုက်ကူးထားသည့် ယင်းဗီဒီယိုဖိုင်ကို နာမည်ကျော် ညစ်ညမ်းဝက်ဆိုဒ် PornHub မှာ ပြသခဲ့ပြီး ကြည့်ရှုသူ နှစ်သိန်းခွဲကျော်ရှိခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ရှေးဟောင်းယဉ်ကျေးမှုနှင့် သုတေသနဌာန ပုဂံဌာနခွဲမှညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “ကျွန်တော်တို့ အခုတော့ နိုင်ငံနဲ့ နာမည်သိဖို့ရာ အရင်ဆုံး ဆောင်ရွက်နေတယ်။ နောက်တစ်ခုက အမှု ဖွင့်ထားတယ်။

မဖွယ်မရာလုပ်မှု၊ ကမ္ဘာ့အမွေအနှစ်ဒေသကို ထိခိုက်အောင် စော်ကားတဲ့အမှု၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ဘယ်ပုဒ်မတပ်လို့ရမယ်ဆိုတာကတော့ ရဲက ဆောင်ရွက်မှာပါ။

ကျွန်တော်တို့ကတော့ အဲဒီဖြစ်စဉ်ဖြစ်ခဲ့ပါတယ်ဆိုပြီး တိုင်တန်းထားတာပါ။ အမှုလည်း ဖွင့်ခိုင်းထားပြီးပြီ။ အမှုဖွင့်ပြီးရင် အင်တာပိုနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်မယ်။ နောက်ဆိုက်ဘာအဖွဲ့နဲ့ ဆောင်ရွယ်မယ်။ သက်ဆိုင်ရာလူ ဝင်မှုကြီးကြပ်ရေးနဲ့ ချိတ်ဆက်ပြီး သူတို့က စုံးစမ်းဖော်ထုတ်ဖို့ ဆောင်ရွက်ပါလိမ့်မယ်”ဟု ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသကို ထိန်းသိမ်းစောင့်ရှောက်မှုများလုပ်ဆောင်နေပြီး ဌာနတစ်ခု လူပုဂ္ဂိုလ်တစ်ဦးတည်း ဆောင်ရွက်ချက်ဖြင့် ပြည့်စုံလုံလောက်သည့် အနေအထားမ ရှိဘဲ အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ဦးအောင်အောင်ကျော်က ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ညစ်ညမ်းဗီဒီယိုရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပုဂံရဲစခန်းတွင် (ဖေဖေါ်ဝါရီလ ၁၄ရက်)သည်ကနေ့မှာ အမှုဖွင့်လှစ်ဖို့ အကြောင်းကြားထားသော်လည်း တရားစွဲဆိုသည့် ပုဒ်မတပ်ဖို့ကိုတော့ ဥပဒေကြောင်းအရ ဆောင်ရွက်နေကြောင်း သိရသည်။

ပုဂံဒေသခံတစ်ဦးဖြစ်သည့် မသူဇာအောင်က “ပုဂံလို ယဉ်ကျေးမှုနယ်မြေမှာ အခုလို ရိုက်ကူးတာတွေက အရမ်းသိက္ခာကျတယ်။ နောက်နောင်ဒါမျိုးထပ်မရိုက်ဖူးလို့ ပြောလို့ မရဘူး။ ပြည်ပခရီးသွားတွေကို အရင်ထက် ပိုပြီးဂရုစိုက်ပြီး စိစစ်သင့်တယ်”ဟု ပြောသည်။

အထင်ရှားဆုံး သမိုင်းဝင်နေရာတစ်ခုလည်းဖြစ်၊ ဘာသာရေးအရ အထွတ်အမြတ် ထားတဲ့နေရာလည်းဖြစ်သည့်အပြင် UNESCO အဖွဲ့ကြီးက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ထိုနယ်မြေတွင် ညစ် ညမ်း ဗီဒီယိုရိုက်ကူးခြင်းသည် လုံခြုံရေးအားနည်းခြင်းကြောင့်ဟု ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြပြောဆိုမှုများရှိနေသည်။ 

 မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ဖို့ လိုတယ်။ ပုဂံဒေသက ကျယ်ပြန့်တဲ့အတွက် အစောင့်မထားနိုင်ရင်တောင် စီစီတီဗီတွေ တပ်ဖို့လိုတယ်။ နောက်တစ်ခုက ခရီးသွားတွေကို ဒီနေရာမှာ ဘာမလုပ်ရဘူးလိုမျိုး ပညာပေးမှုတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်ဖို့လိုတယ်။”ဟု ပြောသည်။

အဆိုပါ ညစ်ညမ်းဗီဒီယိုဖိုင်မှာ ၁၂မိနစ်ခန့်ကြာမြင့်ပြီး ယင်းစုံတွဲသည် သူတို့ကိုယ်သူတို့ အသက် ၂၃ နှစ်အရွယ်ရှိ အီတလီနိုင်ငံသားတွေဟုဆိုကာ ခန္ဓာကိုယ်မှာ နားသန်သီးတွေဆွဲပြီး ဆေးမင်ကြောင်ထိုးထားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required