ဖေဖော်ဝါရီ ၁၄။ ။ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ထမ်း ခြောက်ဦး သေဆုံးပြီး အခြား ၁,၇၀၀ ကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
ဒီ ကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိတ်လန့်ဖွယ် ကူးစက်ပျံ့နှံ့နေချိန် ဆေးကုသမှုတာဝန်တွေ ယူထားရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ အသက်အန္တရာယ် ကြီးမားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ယင်းနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေရချိန် လက်ရှိအချိန်မှာ နှာခေါင်းစည်းတွေနဲ့ အခြား အကာအကွယ် ဝတ်စုံတွေ လိုအပ်နေလျက် ရှိကြောင်း သိရပါတယ်။
ထိတ်လန့်စရာ ကောင်းတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ပတ်သက်လို့ အစောဆုံး သတိပေးခဲ့တဲ့ ဆရာဝန်တစ်ယောက် ပြီးခဲ့တဲ့ အပတ်တုန်းက ဒီဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးသွားခဲ့လို့ ပြည်သူတွေ ဒေါသထွက်ခဲ့ပြီး နောက်ပိုင်း အာဏာပိုင်တွေက ခုလို ကျန်းမာရေးဝန်ထမ်းတွေရဲ့ သေဆုံးမှုကိန်းဂဏန်းတွေကို ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။
တရုတ်မှာတော့ လက်ရှိနောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းဟာ ၁,၃၈၀ ရှိပြီး အခြားလူပေါင်း ၆၄,၀၀၀ လောက် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။