ဆိုင်ကယ်တာယာ လည်ပင်းမှာစွပ်မိနေတဲ့မိကျောင်းကိုကယ်ဖို့ ဩစတြေးလျမှ မိကျောင်းကျွမ်းကျင်သူအဖွဲ့ အင်ဒိုနီးရှားသို့ရောက်ရှိ

ဆိုင်ကယ်တာယာ လည်ပင်းမှာစွပ်မိနေတဲ့မိကျောင်းကိုကယ်ဖို့ ဩစတြေးလျမှ မိကျောင်းကျွမ်းကျင်သူအဖွဲ့ အင်ဒိုနီးရှားသို့ရောက်ရှိ

ဖေ‌ဖော်ဝါရီ ၁၄။        ။ အင်ဒိုနီးရှားနိုင်ငံက  ဆိုင်ကယ်တာယာ လည်ပင်းမှာ စွပ်မိနေတဲ့မိကျောင်းကြီးကို ကူညီကယ်တင်ဖို့ ဩစတြေးလျနိုင်ငံ National Geographic ရုပ်သံလိုင်းရဲ့ Monster Croc Wrangler အစီအစဉ်က ရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တဲ့ Matt Wright နဲ့ မိကျောင်းကျွမ်းကျင်သူအဖွဲ့ဟာ အင်ဒိုနီးရှားကို ရောက်ရှိလာပြီဖြစ်ပါတယ်။

Matt Wright နဲ့အဖွဲ့ဟာ ဆူလာဝေစီကျွန်းမှာရောက်ရှိနေပြီး မိကျောင်းကိုမျှားဖို့ ဘဲထည့်ထားတဲ့ ထောင်ချောက်၊ ဒရုန်းနဲ့ မိကျောင်းကိုရစ်ဆွဲဖို့ မျှားစာထဲမှာ မှိန်းကိုပါ အသုံးပြုသွားမှာဖြစ်ပါတယ်။

“မှိန်းက သူ့ကို မနာကျင်စေလောက်ပါဘူး၊ လူတွေ နားဖောက်သလောက်ပဲနာတာပါ၊ နှစ်ရက်အတွင်းတော့ မဖမ်းမိလောက်ဘူး၊ နောက်ဆုံးကျရင်တော့ မိမှာပါ။” လို့ ပါလုမြို့မှာရောက်နေတဲ့ Matt Wright ကပြောပါတယ်။

Wright ဟာ အင်စတာဂရမ်မှာ followers ၂၀၀ ၀၀၀ ကျော်ရှိပြီး ဖေဖော်ဝါရီ ၁၂ ရက်က အစမ်းလေ့ကျင့်မှုအဖြစ် မိကျောင်းအသေးတစ်ကောင်ကို ဖမ်းခဲ့ကြပါတယ်။

Wright ဟာ မိကျောင်းကျွမ်းကျင်သူ  Chris Wilson နဲ့အတူ မိကျောင်းကြီးကို ကယ်တင်ဖို့ နှစ်ပေါင်းများစွာကြိုးစားနေတဲ့ ဒေသန္တရထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ အတူပူးပေါင်းလုပ်ဆောင်နေတာပါ။

မိကျောင်းကျွမ်းကျင်သူ Wilson က “မိကျောင်းက အရမ်းလျင်ပြီး လူတွေကိုကြောက်တယ်၊ သူ့အနားကပ်တာနဲ့ ရေအောက်ကို တန်းငုပ်သွားတာ၊ လူတွေအများကြီးလာကြည့်တာက မိကျောင်းဖမ်းတဲ့အခါမှာ အနှောင့်အယှက် ဖြစ်စေနိုင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ဆိုင်ကယ်တာယာ စွပ်နေတဲ့ ၁၃ ပေအရှည်ရှိမိကျောင်းကြီးဖြစ်ရပ် အွန်လိုင်းမှာ ဗီဒီယိုဖိုင် တက်လာပြီးတဲ့နောက် တာယာဖြုတ်ပေးနိုင်သူကို ဆုကြေးငွေချီးမြှင့်မယ်လို့ အာဏာပိုင်တွေက ကမ်းလှမ်းခဲ့ပြီး နောက် ပိုင်းမှာ ပြိုင်ပွဲကို ပြန်ဖျက်သိမ်းခဲ့ကာ မိကျောင်းကြီးလွတ်မြောက်ဖို့ ပိုမိုကြိုးစားသွားမယ်လို့ ပြောခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly