ကဗျာဆရာပေါင်း ၇၀ကျော် ပါဝင်သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲ

ကဗျာဆရာပေါင်း ၇၀ကျော် ပါဝင်သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲ

 ဖေဖော်ဝါရီ ၁၃  ။             ။ ရန်ကုန်တက္ကသိုလ် နှစ်၁၀၀ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာဆရာအယောက် ၇၀ကျော်သည် ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုတ်ပင်ကြီးအောက်တွင် အထိမ်းအမှတ် ကဗျာများကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကရွတ်ဆိုခဲ့ကြသည်။ အဆိုပါ ကဗျာရွတ်ဆိုပွဲကိုရန်ကုန်တက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂနှင့် မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂကပူးပေါင်းကာကျင်းပခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂမှ ပွဲစီစဉ်သူ မဖြူမွန်က “ရန်ကုန်တက္ကသိုလ်ကနေ နိုင်ငံရေးခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ စာရေးဆရာကြီးတွေ ထွက်ပေါ်ခဲ့တယ် ငယ်ငယ်လေးကတည်းကရင်ခုန်ခဲ့ရတဲ့ တက္ကသိုလ်နယ် မြေ လည်းဖြစ်တယ် ရန်ကုန်တက္ကသိုလ်ရဲ့ အနံ့အသက်လေးကိုလည်းချစ်တယ်၊ ဒီကနေထုံမွှမ်းခဲ့တဲ့ အနုပညာရသတွေကိုလည်းသဘောကျခဲ့တယ်၊ တခြားသူတွေကိုလည်း ဝေမျှချင်တယ် ဒါကြောင့် ဒီပွဲလေးကိုလည်း ကျင်းပ ဖြစ် ခဲ့တာပါ”ဟု ပြောသည်။

ဒီကဗျာရွတ်ဆိုပွဲတွင် ရန်ကုန်တက္ကသိုလ် အကြောင်းရေးဖွဲ့ထားသည့်ကဗျာများအပြင် စစ်ပွဲများရပ်ရန်၊ ငြိမ်းချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်ဖွဲ့ဆိုထားသောကဗျာများကို ရွတ်ဆိုခဲ့ ကြပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကအရေးအခင်းများကြောင့် နှစ် ၅၀ပြည့် ရွှေရတုကျင်းပရန် ပိတ်ပင်ခဲ့သောကြောင့် မကြုံဖူးလိုက်ရသော်လည်းယခုနှစ် ၁၀၀ ပြည့်ပွဲတော်ကိုအသက်မသေခင် မှီလိုက် သည်ကိုဂုဏ်ယူ မိကြောင်းကဗျာဆရာသုခမိန်လှိုင်ကပြောသည်။

“ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တိုရဲ့ အသိညဏ်ပညာနောက်မျိုးဆက်သစ်တွေရဲ့ အသိညဏ်ပညာဟာဒီကျောင်းရဲ့ ဓာတုဗေဒ၊ မြန်မာစာ၊ အင်္ဂလိပ်စာသင်တာအပြင် အဲ့အသိညဏ်ပညာတွေ၊ နှလုံးသားတွေ ဘယ်လောက်ကြီး မားဖို့လိုလဲဆိုတာသင်လိုက်တာပါ အဲ့ဂုဏ်ကျေးဇူးဟာတက္ကသိုလ်နှစ် ၁၀၀ပြည့်ကိုမှီတာလေးနဲ့ ဝမ်းသာရရုံပဲ ပြည်စုံအောင် ပြောနိုင်မှာမဟုတ်ပါဘူး”ဟု၎င်းကဆိုသည်။

ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ခုနှစ် ကိုလိုနီခေတ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီးယခု၂၀၂၀ခုနှစ်ဆိုလျှင် နှစ် ၁၀၀တိတိ ပြည့်ပြီ ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ပြည့် အထိမ်းအမှတ်ပွဲများကိုရန်ကုန်တက္ကသိုလ်ရှိမေဂျာအလိုက်၊ဌာနအလိုက် စည်ကားစွာကျင်းပလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly