စစ်မှန်သည့် ပြောင်းလဲမှုအတွက် ဆောင်ရွက်စရာ အများအပြားရှိသည်ဟု အထူးသံပြော

စစ်မှန်သည့် ပြောင်းလဲမှုအတွက် ဆောင်ရွက်စရာ အများအပြားရှိသည်ဟု အထူးသံပြော

အောက်တိုဘာ ၂၉ ရက် ။             ။ မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် ၃ နှစ်တာအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေးဆိုင်ရာများတွင် ပြုပြင် ပြောင်းလဲမှုများတိုးတက်လာသည်ကို အသိအမှတ်ပြုသော်လည်း စစ်မှန်ပြီး ရေရှည်တည်တံ့စေရန်အတွက်မူ ဆောင်ရွက်စရာအများအပြားရှိသေးသည်ဟု မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးသံ မစ္စယန်ဟီလီးက ပြောသည်။

ကုလအထွေထွေညီလာခံ၌ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်ပြီး ဇန်နဝါရီလနှင့် သြဂုတ်လ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့ရှိခဲ့ရသည့် စိုးရိမ်မကင်း ဖြစ်မှုများနှင့်ပတ်သက်၍ ဗုဒ္ဓဟူးနေ့က တင်ပြခဲ့သည်။

"လက်နက်ကိုင်တိုက်ပွဲအပါအဝင် ပြဿနာတက်နေတဲ့ကိစ္စအများစုရှိနေသေးတာဟာ ဒေသခံတွေကို အဓိက ထိခိုက် ခံစားစေပါတယ်။ လောလောဆယ်မှာကို ပြည်တွင်းပြေးရှောင်နေရသူ ၆,၁၃,၀၀၀ လောက်ရှိနေတာပါ။" ဟု ၎င်းက ပြောသည်။

"ပြဿနာတွေဖြစ်နေတဲ့ ဘက်နှစ်ဖက်လုံးမှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မှုတွေရှိနေတာပါ။ ဆက်တိုက်လို ရရှိနေတဲ့ လူမသိသူမသိ ပြစ်ဒဏ်ပေးတာတွေ၊ နှိပ်စက်တာတွေ၊ ပြီးတော့ တပ်မတော်သားတွေ အပြစ်ကနေ ကင်းလွတ်ခွင့်ရနေတာတွေကလည်း စိုးရိမ်မကင်းစရာဖြစ်နေပါတယ်။" ဟုလည်းဆိုသည်။

ရေရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေးဖြစ်ပေါ်စေရန် အခြေခံလူ့အခွင့်အရေးအပေါ် ဖြစ်တည်နေသည့် ပြဿနာ၏ ဇစ်မြစ် အား ဖော်ထုတ်ဖြေရှင်းရန် လိုအပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံ တာဝန်ယူမှုများအတွက် အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုများ၌ ထည့်သွင်းစဉ်းစားပေးရန်လည်း တာဝန်ရှိသူများကို တောင်းဆိုထားသည်။

၎င်းအနေဖြင့် စစ်ထွေရှိ ပြည်တွင်းဒုက္ခသည်စခန်း နှစ်ခုအားသွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်၏ အခြေအနေသည် အထူးစိုးရိမ်ဖွယ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောသည်။ (ရိုဟင်ဂျာ) မူဆလင် စခန်းနှင့် ဗုဒ္ဓဘာသာစခန်းများ သည် အရေးတကြီး ဂရုတစိုက်ဆောင်ရွက်ရမည့် အနေအထားတွင် ရှိနေသည်ကိုတွေ့ခဲ့ရသည်။ ကျန်းမာရေး၊ မွေးမြူရေး၊ သောက်သုံးရေနှင့် အစားအစာလိုအပ်မှုများ ရှိနေဆဲဟုဆိုသည်။

ထို့ပြင် မစ္စယန်ဟီလီးက တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် လိုအပ်နေပြီး လူမှုအဖွဲ့ အစည်းများနှင့် မီဒီယာလှုပ်ရှားမှုများကို အပြစ်ပေးနိုင်ရေးအတွက် ဥပဒေများကို ဆက်လက် အသုံးပြုနေသည်ကိုလည်း တွေ့ရသည်ဟုပြောသည်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံအနေဖြင့် မဲပေးပိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားခွင့်၊ စုဝေးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်များကို အပြည့်အဝအကာအကွယ်ပေးရန် ၎င်းကတောင်းဆိုလိုက်သည်။

Ref; ohchr

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required