ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ငန်းအမြန်ဆုံးစတင်သင့်ပြီဟုဆို

ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ငန်းအမြန်ဆုံးစတင်သင့်ပြီဟုဆို

ဖေဖော်ဝါရီ ၁၃။              ။ရန်ကုန်မြို့သစ်စီမံကိန်းသည်လုပ် ငန်းစတင်လည်ပတ်နိုင်ခြင်းမရှိသေးသော်လည်း ရယူထားသည့်ရင်းနှီးမြှပ်နှံငွေ၁၀ဘီလီယံထဲမှ၁၂ရာခိုင်နှုန်း ကျော်ထိသုံးစွဲထားကာ ထွက်ငွေများပြားနေသည့် အတွက် လုပ်ငန်းအမြန်ဆုံးစတင်သင့်ပြီဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ ဥက္ကဋ္ဌဦးတင့်လွင်ကပြောသည်။

၎င်းက ‘’ ဒီကိစ္စကိုလွှတ်တော်မှာလည်းပြောထားပါတယ်၊ သူတို့ကစီမံခန့်ခွဲမှု စရိတ်တွေ ရှိမယ်၊ နောက် အကြိုစီမံကိန်းစရိတ်တွေ ရှိမယ်၊ ဒါတွေကလစဉ် ကုန်ကျနေတာရှိတော့၊ လုပ်ငန်းမစတင်နိုင်သေးပဲသုံးထားတာနဲ့ ပတ် သက်ပြီးကုမ္ပဏီ (NYDC) ကို ကျွန်တော်တို့ ခေါ်မေးထားတယ်၊ သူတို့က ပြည်ထောင်စုအဆင့်ကိုစာတင် ထားတာ ပြန်ပြီးညွှန်ကြားချက်မရသေးတဲ့ အတွက်ပါဆိုပြီး ပြန်ဖြေထားတယ်၊ ဒါကရင်းနှီးမြှပ်နှံမှု ဘတ်ဂျက် ဖြစ်တဲ့ အတွက် ပြန်ရရမယ် တခြားဘတ်ဂျက်ငွေတွေလိုမဟုတ်ဘူး၊ ပြန်မရလို့မရဘူး ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ လစဉ်အသုံးပြုနေတာတွေရှိတဲ့အတွက် ဒီဟာကိုအမြန်လေးလုပ်ငန်းလည်ပတ် ဖို့ လိုပြီဆိုတာမျိုးအကြံ ပြုထားပါတယ် ‘’ ဟုပြောသည်။

အဆိုပါ ကုမ္ပဏီ (NYCD)၏အသုံးစရိတ်ပိုင်းတွင် စီမံခန့်ခွဲမှုစရိတ်၊ တန်ဖိုးလျော့နှင့် ဝင်ငွေခွန် အသုံးစရိတ်များအဖြစ်ရှိကာစီမံခန့်ခွဲမှုစရိတ်သည် အများဆုံးဖြစ်နေကြောင်းသိရသည်။

ထို့အပြင် ကာလအလိုက်တင်ပြထားသည့် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများအရ ၁၂.၁၂.၂၀၁၇ မှ ၃၁.၃.၂၀၁၈ အထိစီမံခန့်ခွဲမှုစရိတ်သည် ကျပ်သန်း ၁၀၀ ခန့်ရှိကာ၊ ၁.၄.၂၀၁၈ မှ ၃၀.၉.၂၀၁၈ အထိစရိတ် ကျပ်သန်း ၁၀၀၀ကျော် ရှိနေကြောင်းရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာတွင် ဖော်ပြထားသည်။

‘’ ကျွန်တော် ဒါကိုအမြဲပြောနေတာပဲလွှတ်တော်က မူလတရားဝင်ချထားပေးတာက ကျူးကျော် အိမ်ရာဆောက်ဖို့ ကျပ် ၆၄ ဘီလီယံကိုအဲဒီထဲကနေမှ ၁၀ ဘီလီယံနဲ့ ကုမ္ပဏီဖွဲ့ပြီးလုပ်နေတာ၊ ဒါကကြွေးမြီဖြစ်နေတယ် အရင်း ပျောက်လို့ လုံးဝမရဘူး၊ အခုအဲဒီထဲကမှ ၁၂ ရာခိုင်နှုန်းတောင် သုံးပြီးနေပြီ ၊ ဒီ ၁၀ ဘီလီယံဆိုတာက ပြန်ပေးရမှာ၊ နောက် လွှတ်တော်အတည်ပြုချက်နဲ့လည်းကွဲလွဲနေတယ် ဒါကို ကျွန် တော်ကထောက်ပြ နေတာ ‘’ ဟုဒဂုံမြို့ နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဖော်ဆောင်မည့် ရန်ကုန်မြို့တော်သစ်စီမံကိန်းအတွက် တိုင်းဒေသကြီးအစိုးရမှ ရာနှုန်းပြည့်ပိုင် ရန်ကုန်မြို့တော်သစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYCD)အားကျပ် ၁၀ ဘီလီယံ ထည့်ဝင်ကာ လည်ပတ်နေခြင်းဖြစ်ပြီးကုမ္ပဏီ၏ အသုံးစရိတ်များကြောင့် တိုင်းအစိုးရရင်းနှီးမြှပ်နှံငွေ လျော့ နည်းလာကာမူလရည်ရွယ်ထားသည့် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေး အမြန်ဆုံးဆောင်ရွက် သင့်ပြီဖြစ် ကြောင်း ကိုလည်းတိုင်းစာရင်းစစ်ချုပ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ထောက်ပြပြောဆိုထားသည်။

NYCD ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းကြီးလုပ်ငန်းစတင်လည်ပတ်နိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့များထံသို့ စာတင်ပြထားပြီးညွှန်ကြားချက်ရရှိရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားထားကြောင်း ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးတင့်လွင်ထံကသိရသည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းအသုံးစရိတ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှု လက်မှုနှင့် လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်လာနီလာကျော်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော် လည်းအဆက်အသွယ် မရရှိခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly