ဗိုင်းရပ်စ်အန္တရာယ် သတိပေးမှုများရှိသော်လည်း အင်ဒိုနီးရှားတောရိုင်းတိရစ္ဆာန်ဈေးတွင် လင်းနို့များ ရောင်းချလျက်ရှိ

ဗိုင်းရပ်စ်အန္တရာယ် သတိပေးမှုများရှိသော်လည်း အင်ဒိုနီးရှားတောရိုင်းတိရစ္ဆာန်ဈေးတွင် လင်းနို့များ ရောင်းချလျက်ရှိ
Photos: AFP

ဖေဖော်ဝါရီ ၁၃

လင်းနို့၊ ကြွက်နှင့် မြွေများသည် လူကိုသေစေတတ်သော ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်မှုရှိနေသည်ကို အင်ဒိုနီးရှားအစိုးရက စိုးရိမ်သည့်အတွက် ထိုအသားများကို မစားရန် သတိပေးထားသော်လည်း အင်ဒိုနီးရှား တောရိုင်းတိရိစ္ဆာန်အစားအစာများ ရောင်းချသည့် ဈေးတွင် ထိုအသားများကို ရောင်းချနေဆဲဖြစ်သည်။

တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများကို ဒေါသဖြစ်စေသော ၎င်းထူးခြားဆန်းပြားသည့် အစားအစာများကို စူးစမ်းလိုသည့် နိုင်ငံခြားသားများက အဆက်မပြတ် လာရောက်ကြည့်ရှုကြကြောင်းနှင့် ရောင်းအားကလည်း ကောင်းနေကြောင်း စူလာဝေစီကျွန်းရှိ Tomohon တိရစ္ဆာန်အသားများရောင်းချသည့် ဈေးမှ ဈေးသူဈေးသားများက ပြောသည်။

သို့သော် ဖေဖော်ဝါရီ ၁၃ ရက်အထိ တရုတ်ပြည်မကြီးတွင် လူပေါင်း ၁၃၅၀ ကျော်ကို သေစေခဲ့ပြီး နိုင်ငံပေါင်းများစွာကို ကူးစက်ပျံ့နှံ့ခဲ့ပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) သည် မည်သို့မည်ပုံ လူများကိုကူးစက်ခဲ့သည်ကိုမူ သိပ္ပံပညာရှင်များ အငြင်းပွားနေဆဲဖြစ်သည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်များရောင်းချသည့် ဈေးသည် ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့သည့်နေရာဟု ယူဆထားကြပြီး ဗိုင်းရပ်စ်၏မူလအစ လက်သည်တရားခံသည် လင်းနို့များဖြစ်နိုင်ကြောင်း သံသယရှိနေကြခြင်းဖြစ်သည်။  သို့သော် အင်ဒိုနီးရှားဈေးတွင် Radar Screen များဖြင့် စောင့်ကြည့်စစ်ဆေးမှုအရ ဆက်စပ်ဖြစ်နိုင်ခြေ တစ်စုံတစ်ရာမတွေ့ရပေ။

ဈေးတန်းတွင် ဧရာမမြွေကြီးများ၊ တံဆို့ဖြင့် ထိုးထားသည့် ကြွက်များ၊ မီးပြင်းမှုတ်စက်ဖြင့် အမွေးချွတ်ခံထားရသည့် လောင်ကျွမ်းနေသော ခွေးများ စသည့် အနိဋ္ဌာရုံများကို မြင်တွေ့ရသည်မှာ ငရဲကို ဖြတ်လျှောက်ရသကဲ့သို့ဖြစ်ကြောင်း ဝေဖန်သူများက ပြောကြသည်။

လင်းနို့ရောင်းသူ အသက် ၄၅ နှစ်ရှိ Stenly Timbuleng က လင်းနို့ကို အထူးကြိုက်နှစ်သက်ကြတဲ့ ဒေသက ဝယ်သူများအတွက် တစ်ကီလိုဂရမ်လျှင် ၆၀ ၀၀၀ ရူပီယာ (အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၀) အထိ ဈေးရကြောင်း၊ နေ့တိုင်း ၄၀ ကနေ ၆၀ ကီလိုအကြား ရောင်းရကြောင်း၊ ဗိုင်းရပ်စ်ကြောင့် ရောင်းအားအပေါ် မသက်ရောက်ကြောင်းနှင့် ဖောက်သည်များကလည်း ဝယ်နေဆဲဖြစ်သည်ဟု ဆိုသည်။

စားသောက်ဆိုင်ပိုင်ရှင် Lince Rengkuan က လင်းနို့ခေါင်းနှင့်တောင်ပံများကို အုန်းနို့နှင့်ချက်ပြီး ဟင်းခတ်အမွှေးအကြိုင်ခတ်ကြောင်း ချက်ပြုတ်ပုံကို ပြောပြသည်။

“လင်းနို့ကို ကောင်းကောင်းမချက်ရင် အန္တရာယ်များတယ်။ ကျွန်မတို့က သေချာပြင်ဆင်ချက်ပြုတ်တယ်။ ခုချိန်ထိ ဖောက်သည်အရေအတွက် မလျော့သွားသေးဘူး။”ဟု Lince က ဆိုသည်။

အာဏာပိုင်များနှင့် ကျန်းမာရေးအေဂျင်စီက လင်းနို့နှင့် အခြားတောရိုင်းတိရစ္ဆာန်များကို မရောင်းချရန် သတိပေးထားသော်လည်း လိုက်နာခြင်းမရှိကြပေ။

“လူကိုသေစေနိုင်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးသယ်ဆောင်တယ်လို့ သံသယရှိတဲ့တိရစ္ဆာန်အသားတွေကို မစားဖို့လည်း ပြည်သူတွေကို ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။”ဟု အစိုးရကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအေဂျင်စီမှ အကြီးအကဲ Ruddy Lengkong က ပြောသည်။

မြို့တော်ဂျကာတာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က အရေခွံခွါထားသော မြွေများနှင့် မြွေဟောက်သွေးများကို ရောင်းချနေကြသော ပျံကျဈေးသည်များအဖို့ ဖောက်သည်မရှားကြောင်း သိရသည်။ ဈေးသည်တစ်ယောက်မှလည်း လူးလွန့်တွားသွားနေသော မြွေကို ပြကာ ကျန်းမာရေးအတွက် ကောင်းကြောင်းနှင့် ရောဂါအားလုံးကို ကုသကာကွယ်ပေးနိုင်ကြောင်း ပြောဆိုရောင်းချလျက်ရှိသည်။

ယခုအချိန်ထိ အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ မရှိသေးကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly