Facebook မှ မူဝါဒနှင့် ဆန့်ကျင်သော အကောင့် ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခု တို့အား ဖယ်ရှား၊ MyTel နှင့် Viettel တို့နှင့် ဆက်နွယ်နေကြောင်း စစ်ဆေးတွေ့ရှိဟုဆို

Facebook မှ မူဝါဒနှင့် ဆန့်ကျင်သော အကောင့် ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခု တို့အား ဖယ်ရှား၊ MyTel နှင့် Viettel တို့နှင့် ဆက်နွယ်နေကြောင်း စစ်ဆေးတွေ့ရှိဟုဆို

ဖေဖော်ဝါရီ ၁၃။                   ။ မြန်မာနိုင်ငံအတွင်း လူမှုကွန်ရက်စာမျက်နှာ (Facebook) အသုံးပြုသူများအကြား မရိုးသားသော သတင်းအမှားများ ဖြန့်ချိနေခြင်းကြောင့် ၎င်း၏ မူဝါဒ နှင့် ဆန့်ကျင်နေသည့်အတွက် အကောင့် ၁၃ ခု နှင့် စာမျက်နှာ ၁၀ ခု တို့အား ဖယ်ရှားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Facebook ရဲ့ တရားဝင် သတင်းဝက်ဘ်ဆိုက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် Mizzima Media အနေဖြင့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ MyTel ထံသို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်၍ တုံ့ပြန်ဖြေကြားမှုကို စောင့်ဆိုင်းလျက်ရှိသည်။

ယခုကဲ့ ဖျက်သိမ်းလိုက်သည့် အကောင့်များ နှင့် စာမျက်နှာများသည် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ  Mytel နဲ့ ဗီယက်နမ် အစိုးရပိုင် Viettel ဗီယက်တဲလ် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ပက်သက်ဆက်နွယ်နေမှု ရှိနေသည် ဟု Facebook ရဲ့ ကြေညာချက်တွင် ပါဝင်သည်။

အဆိုပါ စာမျက်နှာ စီမံခန့်ခွဲသူများ နဲ့ အကောင့်တု အသုံးပြုသူတွေ အနေနဲ့  ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်များကို ဖုံးကွယ်ထားပြီး ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ စာမျက်နှာများ အသွင်ဟန်ဆောင်ကာ ဖေ့စ်ဘွတ် အသုံးပြုသူများ အကြား သတင်းအချက်အလက်မှားများ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အကောင့်တုများ နဲ့ စာမျက်နှာတုများ မှ နောက်ကွယ်ရှိသူတွေ အနေနဲ့ အချင်းချင်း ချိတ်ဆက်၍ ပူးပေါင်းလှုပ်ရှား ခြင်းဖြစ်ပြီး အကောင့်တု နဲ့ စာမျက်နှာတု အသုံးပြုသူတွေ အနေနဲ့ သတင်းအချက်အလက်မှားများ ဖြန့်ဝေဖို့အတွက် ကြော်ငြာခ အမေရိကန် ဒေါ်လာ ၁ သန်းကျော် (၁၁၅၅ဝဝဝ) ကို အမေရိကန် ဒေါ်လာ နဲ့ ဗီယက်နမ် ဒေါင် ငွေ တို့ နဲ့ ပေးချေခဲ့ပြီး ကြည့်ရှုသူ Follower အကောင့် အရေအတွက် ၂၆၅၆၀၀ ရှိနေသည်ကို သံသယဖြစ်ဖွယ် စစ်ဆေးတွေ့ရှိခဲ့သည်ဟု လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဒါ့အပြင် အကောင့်အတုနဲ့ စာမျက်နှာ အတု အသုံးပြုသူတွေ အနေနဲ့ မြန်မာနိုင်ငံအတွင်းလုပ်ကိုင်လျှက်ရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းအပြင် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတို့ကို ပုံရိပ်ထိခိုက်စေသည့်  သတင်းအမှားများကိုလည်း ဖြန့်ဝေခဲ့ကြကြောင်း Facebook မှ ဓာတ်ပုံများနဲ့တကွ ဖော်ပြထားသည်။

Facebook အနေနဲ့ ရှေ့ဆက်လက်၍ အလားတူ ဖြစ်ရပ်များအပေါ် အခြေခံပြီး သတင်းအချက်အလက်မှားများ ဖြန့်ဝေနေမှုများကို ဆက်လက် စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ကာ ပိုမိုကောင်းမွန်သော လုံခြုံရေးစနစ်များ တည်ဆောက်သွားပြီး ဝန်ထမ်းအင်အားတိုးချဲ့အသုံးပြု၍ နည်းပညာလုံခြုံရေး ကျွမ်းကျင်သူများ၊ ဥပဒေအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly