ဂျပန်အပျော်စီးသင်္ဘောပေါ်၌ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၂၁၈ ဦးအထိရှိလာ

ဂျပန်အပျော်စီးသင်္ဘောပေါ်၌ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၂၁၈ ဦးအထိရှိလာ

တိုကျို၊ ဖေဖော်ဝါရီ ၁၃။        ။ လူပေါင်း ၃၇၁၁ ဦးလိုက်ပါလာတဲ့ ဂျပန်အပျော်စီးသင်္ဘော Diamond Princess ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) ကူးစက်ခံရခြင်း ရှိမရှိ စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ၇၁၃ ဦးကို စစ်ဆေးပြီးရလဒ်အရ ကူးစက်ခံရသူ ၂၁၈ ဦးရှိတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး ကာဆုနိုဘူကာတိုက  ဖေဖော်ဝါရီ ၁၃ ရက်မှာပြောပါတယ်။

လူ ၂၂၁ ဦးကိုထပ်မံစစ်ဆေးခဲ့ရာ ၄၄ ဦးမှာ ရောဂါကူးစက်ခံနေရတာကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအထဲက ငါးယောက်က အခြေအနေစိုးရိမ်ရတဲ့အတွက် အထူးကြပ်မတ်ကုသနေရတယ်လို့ ကာဆုနို ဆိုပါတယ်။

သင်္ဘောပေါ်မှာလိုက်ပါခဲ့ပြီး ဟောင်ကောင်မှာဆင်းသွားတဲ့ ခရီးသည်တစ်ဦးမှာ ကိုရိုနာကူးစက်ခံနေရတာကို တွေ့ရှိခဲ့ပြီးတဲ့နောက် Diamond Princess ကို ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ကမ်းလွန်မှာ ရောဂါခြေချုပ်နဲ့ သီးသန့်ရပ်နားထားကာ ခရီးသည်နဲ့အမှုထမ်းတွေကို စစ်ဆေးမှုတွေပြုလုပ်ပေးနေတာပါ။

ခရီးသည်တွေကိုလည်း အခန်းထဲမှာနေကြဖို့မှာထားပြီးအပြင်ထွက်ပါက တစ်ယောက်နဲ့တစ်ယောက် ခပ်ခွါခွါနေဖို့၊ ပါးစပ်နှာခေါင်းစည်းတွေတပ်ထားဖို့ ပြောထားတာပါ၊ ခန္ဓာကိုယ်အပူချိန်ကိုလည်း ပုံမှန်စစ်ဆေးပေး လျက်ရှိပါတယ်။

အဆိုပါသင်္ဘောကို ဂျပန်ကမ်းလွန်မှာ ဖေဖော်ဝါရီ ၁၉ ရက်အထိ စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အစောပိုင်းမှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဗဟိုချက်ဖြစ်တဲ့ ဟူပေပြည်နယ်မှာ နေခဲ့သူများကိုသာ တားမြစ်ထားပေမယ့် အခု ကျဲ့ကျန်းပြည်နယ်ဆီ သွားရောက်ထားသူတွေကိုပါ ဝင်ခွင့်ထပ်မံ ပိတ်လိုက်ကြောင်း သိရပါတယ်။  

ဖေဖော်ဝါရီ ၁၃ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူ ၁၃၅၀ ကျော်နှင့် ကူးစက်ခံရသူပေါင်း ၆၀၀၀၀ နီးပါးရှိပြီဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly