ပဋိပက္ခတွေ လျှော့ချရန် စိတ်ဆန္ဒအမှန်ကို ပြသဖို့ တာလီဘန်တွေကို နေတိုး တိုက်တွန်း

ပဋိပက္ခတွေ လျှော့ချရန် စိတ်ဆန္ဒအမှန်ကို ပြသဖို့ တာလီဘန်တွေကို နေတိုး တိုက်တွန်း
Photo - AFP

ဖေဖော်ဝါရီ  ၁၃။                ။ အာဖဂန်နစ္စတန်နိုင်ငံက ပဋိပက္ခတွေ လျှော့ချဖို့အတွက် စိတ်ဆန္ဒအမှန်ကို ပြသဖို့ တာလီဘန်တွေကို နေတိုးအတွင်းရေးမှူး ဂျင်းစတိုတန်ဘတ်ချ်က ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

ယုံကြည်ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့နဲ့ ပဋိပက္ခတွေ လျှော့ချရေးအတွက် စိတ်ရင်းအမှန်နဲ့ စွမ်းဆောင်နိုင်စွမ်းကို တာလီဘန်တွေဖက်က ပြသဖို့ ရှင်းရှင်းလင်းလင်း သတင်းစကားပါးထားဖို့က အလွန်ကို အရေး ကြီးကြောင်း ဘရပ်ဆဲလ်မှာ ပြုလုပ်မယ့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် ပြောဆိုရာမှာ စတိုတန်ဘတ်ချ်က ပြောခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးတွေအနေနဲ့ အာဖဂန်မှာ နေတိုးပါဝင်နေမှု အခန်းကဏ္ဍနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတကာအကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ တိုက်ပွဲဆင်မယ့် အရေးကိစ္စတွေကို ဆွေးနွေး ပြောဆိုသွားကြမှာ ဖြစ်ပါတယ်။

အာဖဂန်မှာ ပဋိပက္ခတွေ လျှော့ချရေးဆီ ဦးဆောင်သွားမယ့် ဘယ်လို ခြေလှမ်းမျိုးကိုမဆို နေတိုးက ကြိုဆိုမှာဖြစ်ကြောင်း စတိုတန်ဘတ်ချ်က ဆိုပါတယ်။

လအတန်ကြာ ရပ်နားနေတဲ့ အမေရိကန်နဲ့ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ သဘောတူညီချက်တစ်ချက်ဆီ ရောက်ရှိစေမယ့် အာဖဂန်နိုင်ငံအတွင်း ပဋိပက္ခ လျှော့ချရေးကို တာလီဘန်တွေဖက်က အဆိုပြုထားကြောင်း အာဖဂန်သမ္မတ ဂါနီကလည်း အင်္ဂါနေ့က ပြောဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန် စေ့စပ်ညှိနှိုင်းသူတွေနဲ့ ကဘူးလ်က အစိုးရတို့ရဲ့ အဓိကတောင်းဆိုချက် တစ်ရပ်ဖြစ်တဲ့ တာလီဘန်တွေရဲ့ အဲဒီ အဆိုပြုချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ တယ်လီဖုန်း ပြောဆိုအပြီးမှာ အာဖဂန်သမ္မတ ဂါနီက ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required