ပလက်ဝ-ကျောက်တော် စက်လှေလိုင်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပလက်ဝဒေသမှာ ဆန်ဈေးများ မြင့်တက်နေဟုဆို

ပလက်ဝ-ကျောက်တော် စက်လှေလိုင်းများ ရပ်ဆိုင်းထားခြင်းကြောင့် ပလက်ဝဒေသမှာ ဆန်ဈေးများ မြင့်တက်နေဟုဆို
ပုံ - Zalen  ပလက်ဝ- ကျောက်တော် စက်လှေလိုင်းပေါ်မှ ဆန်အိတ် သယ်နေသူ အမျိုးသမီးတစ်ဦး။

ဖေဖေါ်ဝါရီ ၁၂ရက်။                 ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပြေးဆွဲနေသော ပလက်ဝ-ကျောက်တော် စက်လှေလိုင်းများ ရပ်ဆိုင်းထားသည့် အတွက် ပလက်ဝမြို့နယ်နှင့် ဝေးလံသည့် ကျေးရွာများတွင် ဆန်ဈေး နှစ်ဆခန့် မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် ပလက်ဝ- ကျောက်တော် ပြေးဆွဲနေသော စက်လှေလိုင်းများ ပြီးခဲ့သည့် ရက်ပိုင်းက စတင်ပြီး ရပ်ဆိုင်းထားကြောင်း၊စက်လှေလိုင်း ရပ်ဆိုင်း ထားခြင်းကြောင့် ပလက်ဝမြို့နှင့် ဝေးသည့် ကျေးရွာများတွင် ဆန်ဈေးနှုန်းများ တက်နေကြောင်း ပလက်ဝမြို့ ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ် ဒေသခံ ကိုကျော်ဦးက “ စက်လှေလိုင်းတွေ မဆွဲတော့တာ တစ်ပတ်နီးပါး ရှိပြီး။ မြို့ပေါ်မှာတော့ ကုန် ဈေးနှုန်းက ဒီလောက်ကြီး မတက်ဘူး၊ ပလက်ဝနဲ့ ဝေးတဲ့ သုံးဆင့်လောက် သွားရတဲ့ ရွာတွေမှာဆိုရင် ဆန်တစ်အိတ် ကို မြို့ပေါ်မှာ ၂၅၀၀၀ ဆိုရင် အဲဒီမှာ ၄၅၀၀၀ လောက်ဖြစ်သွားတယ်။ ခရီးကြမ်းတမ်းမှုနဲ့ အကွာအဝေးပေါ် မူတည်ပြီး ကွာ သွားတယ်။ တချို့သုံးဆင့်လောက် မသွားရတဲ့ ရွာတွေဆိုရင်တော့ ၃၀၀၀၀- ၃၅၀၀၀ လောက် ဖြစ်သွားတာတွေ ရှိတယ်” ဟု ပြောသည်။

ယခင်က ပလက်ဝမြို့နယ် အတွင်းတွင် ကြက်ဥ ၁၀၀၀ ကျပ်ဖိုး ဝယ်ယူပါက (၇)လုံးခန့် ရသော်လည်း စက်လှေ ပြေးဆွဲ မှုများ ရပ်ဆိုင်းခဲ့သည့် နောက်ပိုင်းတွင် (၅)လုံးသာ ရရှိတော့ကြောင်း ဒေသခံများက ပြောသည်။

 ပလက်ဝမြို့နယ်မှ အစိုးရဝန်ထမ်း တစ်ဦးက “ လမ်းပိုင်းမှာ တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတော့ စက်လှေလိုင်းတွေ ရပ်ဆိုင်းသွားတာပါ။ ကုလားတန်မြစ်ကြောင်း တကြောမှာ တိုက်ပွဲဖြစ်နေတော့ မသွားရဲ မလာရဲကြဘူး။ ဈေးကတော့ သိသိသာသာကြီး တက်တာတော့ မရှိသေးဘူး။ စားသောက်ကုန်ကတော့ ရခိုင်ဘက်က မှီခိုနေရတော့ ပစ္စည်းပြတ်လပ် သွားမှာကို စိုးရိမ်တယ်” ဟု ပြောသည်။

ပလက်ဝ-ကျောက်တော်ကို နံနက်ပိုင်းတွင် အစုန်-အဆန် တစ်စီးစီ ထွက်ရှိပြီး လူတစ်ယောက်လျှင် ကျပ် ၃၀၀၀ ပေးရ ကြောင်း၊ ယခုအခါမှာတော့ ပလက်ဝ-ကျောက်တော် စက်လှေလိုင်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။
ပလက်ဝမြို့နယ်အတွင်းမှာ AA နှင့် တပ်မတော်ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိသည့်အတွက် အစိုးရက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က ပလက်ဝမြို့နယ်အတွင်းမှာ ညမ ထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ထားသည်။

ပလက်ဝမြို့မှ တောင်ပြိုကျေးရွာသို့ ပြေးဆွဲသော ကူးတို့စက်လှေနှင့် ဆန်အိတ်များ သယ်ဆောင်လာသော စက်လှေတို့ကို ပလက်ဝမြို့၏ ၁၂ မိုင်အကွာရှိ လောင်းတင်ကျေးရွာနှင့် ကျီးလေကျေးရွာကြားတွင် ၂၀၁၉ ခုနှစ်၊ ဇွန် ၃ ရက်က AA အဖွဲ့မှ လုယူ သွားမှုများလည်း ဖြစ်ခဲ့ဖူးသည်။

အဆိုပါ ဖြစ်စဉ်တွင် ဆန်အိတ် ၁၀၀ ကျော်အပါအဝင် ကုန်ပစ္စည်းများကို ယူဆောင်သွားပြီး စက်လှေ ပေါ်ပါသူ ၁၉ ဦးကိုပါ ဖမ်းဆီးသွားခဲ့ရာ ထိုသူများကို ဇွန် ၄ ရက်နေ့ မနက်ပိုင်းတွင် ပြန်လွတ်ပေးခဲ့သော်လည်း ဆန်အိတ် များနှင့် ကုန်ပစ္စည်းများ ကိုတော့ ပြန်လည် ပေးအပ်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့နောက် ပလက်ဝ- တောင်ပြို ပြေးဆွဲနေသော စက်လှေတစ်စီး နုံးဘူးကျေးရွာသို့ အရောက်တွင် မည်သည့် အဖွဲ့က ပစ်လိုက်သည့် မသိသော လက်နက်ကြီး ထိမှန်ခဲ့ခြင်းကြောင့် ၂ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့သော ဖြစ်စဉ်တစ်ခု လည်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က ဖြစ်ပွားထားသည်။

ထို့ပြင် ပလက်ဝမြို့နယ် အမှတ် ၁၁ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းလည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ပလက်ဝ- ကျောက်တော်ကြားမှာ  ကုလားတန်မြစ်ကြောင်းအတိုင်း စတီးဘုတ်ဖြင့် သွားရောက်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ AA အဖွဲ့က ပြန်လွတ်ပေးခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required