ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အမြင်မကျဉ်းကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အမြင်မကျဉ်းကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
Photo - EPA

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂။           ။ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အမြင်မကျဉ်းကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့မှာ ယနေ့(ဖေဖော်ဝါရီ ၁၂ရက်)တွင် ကျင်းပသော ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အခမ်းအနား မိန့်ခွန်း ပြောစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

 “အမြင်ကျဉ်းတဲ့ လူတွေက သမိုင်းနဲ့အတိတ်ရဲ့ အကျဉ်းသားတွေ အဖြစ်နဲ့ ဆက်ပြီး နေသွားကြပါတယ်၊ အရင်တုန်းက အတိုင်းပဲ အမြင်တွေ၊ အရင်တုန်းက အတိုင်းပဲ လိုအပ်ချက်တွေ၊ အရင်တုန်းက အတိုင်းပဲ တောင်းဆို ချက်တွေ ဒီလိုပုံစံ တွေနဲ့ ကျွန်မတို့ သွားလို့ မရပါဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စု ဖခင်ကြီးများဟာ ဆန်းတဲ့အမြင်တွေနဲ့ သတ္တိရှိရှိနဲ့ ငါတို့ ခေတ်မှာ ငါတို့လိုချင်တဲ့ နိုင်ငံမျိုးကို ငါတို့ ထူထောင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အောင်မြင် မှုကို ရအောင်လုပ်တာပါ။ ကျွန်မတို့ လည်း ဒီတိုင်းပဲ လုပ်ဖို့လိုပါတယ်”ဟု ၎င်းက ပြောသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ခေတ်မှာ၊ ကျွန်မတို့ အမြင်တွေနဲ့ ကမ္ဘာ ကြီးနဲ့ ဒီနိုင်ငံရဲ့ လိုအပ်ချက်တွေအရ လုပ်သင့်လုပ်ထိုက် တာတွေကို ဘယ်သူမှ မလုပ်ဖူးသော်လည်း အခုကျွန်မတို့ လုပ်မယ်ဆိုတဲ့ သတ္တိ၊ ပညာ အမြော်အမြင်နဲ့ အားလုံးဝိုင်းပြီးတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား အားလုံး လက်ခံနိုင်မည့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးများ ကျင်းပဆောင်ရွက်နေပြီး ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် လက်ရှိ ကာလအခြေအနေနှင့် ကိုက်ညီသော ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပြီး ငြိမ်းချမ်းရေး ရှိအောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 “ခေတ်အဆက်ဆက် အစိုးရတွေဟာ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ကြိုးစားကြခဲ့ပေမယ့် ငြိမ်းချမ်းရေး ရည်မှန်းချက်တွေ ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ အပစ်အခတ်ရပ် စဲရေးလောက်ပဲ အမြင့်ဆုံး ရရှိခဲ့တာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ဒီလို မတည်ဆောက် နိုင်တာဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ အကြောင်းအရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့လို့ ဖြစ်တယ်လို့ ကျွန်မတို့အစိုးရက ယုံကြည်ပါတယ်”ဟု ပြောသည်။

ထို့ကြောင့် လက်ရှိတွင် နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် နေပြီး ထိုသို့ ဆောင်ရွက်ရာမှာ တိုင်းရင်းသားအပေါင်း ကျေနပ်လက်ခံနိုင်မည့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို နိုင်ငံရေး ဆွေးနွေးမှုဖြစ်သည့် ၂၁ ရာစုပင်လုံအစည်းအဝေးများ ကျင်းပ၍  ဆောင်ရွက်နေကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“၂ဝ ရာစုပင်လုံရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ်ကို ယူဆောင်ပြီး ၂၁ ရာစုပင်လုံကို လက်ရှိကာလ ဆက်စပ် အခြေအနေ တွေနဲ့ ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းကြပြီး ကျွန်မတို့ နိုင်ငံရဲ့ အသက်တမျှ အရေးကြီး လိုအပ်နေတဲ့ ရေရှည် တည်တံ့ ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို စုပေါင်းအားနဲ့ ရယူကြဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီး လက်ရှိအချိန်အထိ မပြီးဆုံးနိုင်သေးသော လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်နိုင်ရေး သမိုင်းကို ပြန်ကြည့်ကာ ဝေဖန်ဆန်းစစ်ရန် လိုအပ်ကြောင်လည်း  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“သမိုင်းကို ပြန်ကြည့်တဲ့အခါ တစ်ဦးကို တစ်ဦး အပြစ်ရှာတဲ့ အမြင်နဲ့ မကြည့်စေချင်ပါဘူး။ တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေလို့ အဖြေမှန်မရနိုင်ပါဘူး။ သူတို့ဘက်က ဘာမှားလဲဆိုတာထက် ကိုယ့်ဘက်ကရော ဘာမှားလဲဆိုတာ၊ ငါတို့အားလုံး ဘာတွေ မှားခဲ့ကြလဲ၊ ဘာတွေပြင်ဆင်ဖို့ လိုအပ်လဲဆိုတာတွေကို ဝေဖန်ဆန်းစစ်တဲ့ အမြင်နဲ့ ကြည့်ဖို့ လိုပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးကို ၂၀၂၀ ခုနှစ် သင်္ကြန်မတိုင်မီ ကျင်းပနိုင်ရေး ကြိုးပမ်း နေကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောထားသည်။

တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တောင်တန်း/ ပြည်မ မခွဲဘဲ လွတ်လပ်ရေး ရရန် ပင်လုံစာချုပ် လက်မှတ်ရေး ထိုးခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ် ကာ နှစ်စဉ်ဂုဏ်ပြု ကျင်းပနေခြင်းဖြစ်ပြီး ယနေ့ ကျရောက်သော့ ပြည်ထောင်စုနေ့မှာ ၇၃ နှစ်မြောက်ခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required