နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ တရားဝင်အမည်ကို COVID-19 ဟု WHO သတ်မှတ်

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ တရားဝင်အမည်ကို COVID-19 ဟု WHO သတ်မှတ်

ဖေဖော်ဝါရီ ၁၂။               ။ တရုတ်မှာ အဓိကဖြစ်ပွားနေပြီး လူသေဆုံးမှု များပြားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ တရားဝင် အမည်ကတော့ COVID-19 ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်က တရုတ်မှာ ဖြစ်ပွားကြောင်း စတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ တရားဝင်အမည်ကို WHO က ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။

“ ဒီ ရောဂါအတွက် နာမည်တစ်ခု ခုချိန်မှာ ရှိနေပါပြီ၊ အဲဒါကတော့ COVID-19 ပါပဲ” လို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီဆက်စ်က ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိ ခေါ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုတာကတော့ လက်ရှိတရုတ်မှာ အဓိကကူးစက်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်သစ်ထက်စာရင် ကိုရိုနာဗိုင်းရပ်စ် အုပ်စုတစ်ခုလုံးနဲ့ ပိုဆိုင်တဲ့ ဝေါဟာရတစ်ခုသာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေ ဆိုတာကတော့ အအေးမိတာကနေစပြီး MERS နဲ့ SERS လိုမျိုး ပြင်းထန်ရောဂါတွေအထိ  ဖျားနာမှုတွေကို ဖြစ်စေတဲ့  ဗိုင်းရပ်စ် အုပ်စုတစ်စု ဖြစ်ပါတယ်။ ခု တရုတ်က ကိုရိုနာဗိုင်းရပ်စ်သစ်ကတော့ မျိုးစိတ်သစ်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်မှာ အဓိက ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် တရားဝင် အမည်တစ်ခုကို COVID-19 ဆိုပြီး WHO က သတ်သတ်မှတ်မှတ် မှည့်ခေါ်လိုက်တာဖြစ်ပါတယ်။

COVID ဆိုတာမှာတော့ CO ဟာ ကိုရိုနာ (corona) ကို ကိုယ်စားပြုပြီး vi ဆိုတာကတော့ ဗိုင်းရပ်စ် (virus) ကို ကိုယ်စားပြုတာဖြစ်ကာ d ဆိုတာကတော့ ရောဂါ (disease) ဖြစ်ပါတယ်။

ဒီ ဗိုင်းရပ်စ်အတွက် နာမည်ရှာတဲ့အခါမှာ ပထဝီမြေမျက်နှာသွင်ပြင် တည်နေရာတစ်ခု၊ တိရစ္ဆာန်တစ်ကောင်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကို ရည်ညွှန်းရာ မရောက်အောင် ရွေးခဲ့ရသလို အသံံထွက်ရလွယ်ပြီး ရောဂါနဲ့လည်း ဆက်နွယ်နေတဲ့ နာမည်တစ်ခုကို ရှာခဲ့တယ်လို့ WHO က ပြောပါတယ်။

ဒါ့အပြင် WHO နဲ့ အခြား အစိုးရအဖွဲ့အစည်းတွေအကြား သဘောတူထားသည့် ဂိုက်လိုင်းတွေနဲ့အညီ နာမည်တစ်ခု ရှာခဲ့တယ်လို့ သိရပါတယ်။

ဒီ ဗိုင်းရပ်စ်အတွက် တရားဝင် နာမည်တစ်ခု ရှိဖို့က အင်မတန် အရေးကြီးကြောင်း WHO အကြီးအကဲက ပြောသွားပါတယ်။

ခုလို COVID-19 လို့ နာမည် မသတ်မှတ်ခင်တုန်းကဆိုရင် WHO က ယင်းဗိုင်းရပ်စ်ကို 2019-nCoV ပြင်းထန် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလို့ ယာယီအမည် မှည့်ခေါ်ခဲ့သလို တရုတ်အာဏာပိုင်တွေကလည်း ယင်း ကို novel coronavirus အဆုတ်ရောင်ရောဂါလို့ ယာယီခေါ်ဆိုခဲ့တာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly