AFC CUP အုပ်စုအဖွင့်ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်းတွင် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ

AFC CUP အုပ်စုအဖွင့်ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်းတွင် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ
Photo - Myanmar National League

ဖေဖော်ဝါရီလ ၁၁။          ။ 2020 AFC CUP ပြိုင်ပွဲ၏ အုပ်စု(စ) အဖွင့်ပွဲစဉ်ကို ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် နောက်ကျဂိုးများကို ခွင့်ပြုခဲ့ရသည့်အတွက် အိမ်ကွင်းတွင် သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

2020 AFC CUP ပြိုင်ပွဲ အုပ်စု(စ) အဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟိုချီမင်းစီးတီး အသင်းတို့သည် ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်)  ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ ကြရာမှာ အထက်ပါ အတိုင်း ရလဒ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ဟိုချီမင်းစီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရာမှာ  ပွဲကစားချိန် ၁၁ မိနစ် အရောက်တွင် ဟိုချီမင်းစီးတီးအသင်း၏ ဦးဆောင်ဂိုးကို စတင်ခွင့်ပြုခဲ့သည်။ ထို့နောက် ဆက်လက်ယှဉ်ပြိုင်ကစားရာ ပွဲကစားချိန် ၁၅ မိနစ်အရောက်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား အီမာနျုရယ်က ချေပဂိုး သွင်းယူ ပေးနိုင် ခဲ့သည်။

ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းမှ ဒုတိယ ဦးဆောင်ဂိုးကို မောင်မောင်ဝင်းက သွင်းယူပေးနိုင်ခဲ့ပြီးနောက် ပွဲကို ထိန်းချုပ်ရန် ရန်ကုန်ယူနိုက်တက်အသင်း ကြိုးစားခဲ့သော်လည်း ၄၂ မိနစ်အရောက်မှာတော့  ဟိုချီမင်းစီးတင်း အသင်း၏ ချေပဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရခြင်းကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ဆက်လက်ပြီး ဒုတိယပိုင်းကို ပြန်လည် စတင်ကစားချိန်မှာတော့ နှစ်ဘက်အသင်း ကစားသမားများသည် အမှားများ ခဲ့ကြ သလို နောက်တန်း ကစားသမားများ၏ ဖြတ်ထုတ်မှုများကြောင့် ဂိုးရလဒ် ထွက်ပေါ်ရန် ရုန်းကန်ခဲ့ကြရပြီး ပွဲကို ၂-၂ ဂိုးဖြင့် အဆုံး သတ်ခဲ့ကြရသည်။

ထို့ကြောင့် အုပ်စု(စ) တွင် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် အမှတ်ပေးဇယား၌ တစ်ပွဲကစား ၁ ပွဲရှုံး ရလဒ် ဒုတိယ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟိုချီမင်းစီးတီးအသင်းတို့သည် 2020 AFC CUP ပြိုင်ပွဲ အုပ်စု(စ)တွင် စင်ကာပူ ကလပ် Hougang United ၊ လာအိုကလပ် Lao Toyota အသင်းများနှင့်အတူ ကျရောက်နေသည်။

2020 AFC CUP  ပြိုင်ပွဲသည် အာရှဘောလုံးအဖွဲ့ချုပ်၏ ကလပ်ပြိုင်ပွဲများတွင် အဆင့်မြင့်ဆုံး ACL (အာရှချန်ပီယံလိဂ်) ပြိုင်ပွဲပြီးလျှင် ဒုတိယအဆင့်မြင့် ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly