လီဒိုလမ်းကို အဆင့်မြင့်တင်ရန် အိန္ဒိယ စိတ်ဝင်စားနေဟုဆို

လီဒိုလမ်းကို အဆင့်မြင့်တင်ရန် အိန္ဒိယ စိတ်ဝင်စားနေဟုဆို
ပုံ - The Sentinel   အာရုနာချာပရာဒေ့လ်ပြည်နယ် ဒုတိယဝန်ကြီးချုပ် Mr Chowna Mein

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁။        ။ အိန္ဒိယနိုင်ငံ၊အာသံပြည်နယ် လီဒိုမြို့မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ ဖောက်လုပ် ထားသော လီဒိုလမ်းကို ပြန်လည် အဆင့်မြင့်တင်ကာ အိန္ဒိယ-မြန်မာ စီးပွားရေး ကုန်သွယ်မှု မြင့်တင်နိုင်ရေး ဆောင်ရွက်သွားရန် အိန္ဒိယအစိုးရက စိတ်ဝင်စားနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် အရှေ့မျှော်ဝါဒအရ ဒုတိယ ကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော လီဒိုလမ်းကို ယခု အခါ ပြန်လည် အဆင့်မြင့်တင်ကာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးကို အကောင်အထည်ဖော်ရန် စိတ်ဝင် စားလာခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ အာရုနာချာပရာဒေ့လ်ပြည်နယ်မှ ဒုတိယဝန်ကြီးချုပ် Mr Chowna Mein က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော် ပြီးခဲ့တဲ့ နှစ် ၂၀ လုံးလုံး ဒီလမ်းမကြီး ပြီးစီးဖို့ ကြိုးစားခဲ့တာပါ၊ အခု ပန်ဆောက်အထိ အိန္ဒိယဘက်အခြမ်းက ပြီးစီးသွားပါပြီ ဒါပေမယ့် ပန်ဆောက်ကနေ မြစ်ကြီးနားအထိ လမ်းအပိုင်းက မပြီးသေးပါဘူး။ ကျွန်တော့် တာဝန်က အဲဒီ အပိုင်းကို ပြီးအောင် လုပ်ပေးရမှာပါ။ ဒီလမ်းကြီး ချိတ်ဆက်မိသွားပြီဆိုရင် မြန်မာဘက် မြစ်ကြီးနားကနေ ပန်ဆောက်ထိ တစ်ရက်အတွင်း ရောက်နိုင်ပါတယ်။ ကျွန်တော် အိန္ဒိယကို ပြန်သွားပြီးရင် ဒီလမ်းကြီး ချိတ်ဆက်မိနိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အိန္ဒိယအစိုးရကို တောင်းဆိုသွားမှာပါ ”ဟု ၎င်းက ပြောသည်။

 

 

 
ပုံ - ဝီကီပီးဒီးယားလီဒိုလမ်းကို တွေ့ရစဉ်။
 

လီဒိုလမ်း အဆင့်မြင့်တင်ရန်အတွက် အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရကြား MoU လက်မှတ် မရေးထိုးရသေး ကြောင်း၊ MoU လက်မှတ် ရေးထိုးနိုင်ရေးအတွက်ကိုလည်း ကြိုးပမ်းသွားမည်ဟု အိန္ဒိယနိုင်ငံ၊ အာရုနာချာပရာဒေ့လ်ပြည်နယ် ဒုတိယဝန်ကြီးချုပ် Mr Chowna Mein က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနတို့ကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားမှု မရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

အိန္ဒိယနိုင်ငံသည် လီဒိုလမ်းကို ပြန်လည် အဆင့်မြင့်တင် နိုင်ပါက အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အာသံပြည်နယ်၊ အာရုနာချာပရာဒေ့လ်ပြည်နယ်တို့မှ တဆင့် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံထိ ကုန်သွယ်ရေးကို မြင့်တင်နိုင် မည်ဖြစ် ကြောင်း သိရသည်။

ထို့နောက် လီဒိုလမ်းနှင့်အပြိုင် ခန္တီး၊ ဟုမ္မလင်းသို့ သွားနိုင်သော လမ်းကြောင်းကိုလည်း ဆက်လက် အဆင့်မြင့် တင်ကာ မန္တလေးဘက်သို့ ကုန်သွယ် စီးဆင်းနိုင်ရေးကို ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း၊ လက်ရှိတွင် အိန္ဒိယဘက်မှ ပန်ဆောင်ဒေသသို့ သွားနိုင်သော လမ်းပိုင်ကို ဖောက်လုပ်ထားနိုင်ပြီ ဖြစ်သော်လည်း ပန်ဆောင်မှ မြစ်ကြီးနားသို့ သွားနိုင်မည် လမ်းပိုင်းကို ပြင်ဆင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အထက်ပါ လီဒိုလမ်းကို ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ် ဦးဆောင်သည့် တပ်ဖွဲ့က ဖောက် လုပ်ခဲ့ရာ ၁၉၄၅ ခုနှစ်၊ဇန်နဝါရီလမှာ ပြီးစီးခဲ့သည်။ ထိုလမ်းကို စတီးဝဲလ် ဟုခေါ်ဝေါ်ကြသလို လီဒိုလမ်း ဟုလည်း ခေါ်ဝေါ်ကြသည်။

လီဒိုလမ်းသည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ လီဒိုမြို့မှ စတင်ကာ မြန်မာနိုင်ငံအတွင်းက ပတ်ကွိုင်တောင်တန်ကို ဖြတ်ကျော်ကာ ကချင်ပြည်နယ်အတွင်းက ရှင်ဘွေယန်၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော် စသည့် ဒေသများ သို့ ဖြတ်သန်းဝင်ရောက်ပြီး တရုတ်နိုင်ငံသို့ ထိုးဖောက်ဝင်ရောက်နိုင်သော လမ်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required