တိုက်ပွဲဖြစ်ပွားမှု တပ်မတော်နှင့် KNU ရန်ကုန်မှာ သီးသန့် တွေ့ဆုံဆွေးနွေးမည်

တိုက်ပွဲဖြစ်ပွားမှု တပ်မတော်နှင့် KNU ရန်ကုန်မှာ သီးသန့် တွေ့ဆုံဆွေးနွေးမည်
ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(fb)  ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တိုက်ပွဲလျှော့ချနိုင်ရေး ဆွေးနွေးနေစဉ်။

ရန်ကုန်၊ဖေဖော်ဝါရီ ၁၁။                ။ ကရင်အမျိုးသားအစည်းအရုံး(KNU)၏  စစ်ရေးလက်အောက်ခံ တပ်များနှင့် တပ်မတော်ကြား မြေပြင်မှာ တိုက်ပွဲများ ဖြစ်ပွားမှု တချို့ရှိနေခြင်းကြောင့် တိုက်ပွဲများ လျော့ချနိုင်ရေး တပ်မတော်နှင့် KNU တို့ ရန်ကုန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNU မှ အထွေထွေအတွင်းရေးမှူးချုပ် စောတာဒိုမှူးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြုလုပ်သွားမည် ဖြစ်သည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် စောတာဒိုမှူးက “ကျွန်တော်တို့ဘက်က တပ်မတော်ကို စာပို့ထားတယ်၊ အဓိက ကတော့ အောက်ခြေမှာဖြစ်နေတဲ့ ထိတွေ့မှုတွေ လျှော့ချဖို့နဲ့ NCA ဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ပါ။ မတွေ့တာလည်း ကြာပြီဖြစ်တယ်၊ ပထမတစ်ခေါက်တုန်းက တွေ့ဖို့ စီစဉ်ခဲ့ပေမယ့် လေးလပတ် အစည်းအဝေးတွေ ရှိနေခဲ့တာကြောင့် မတွေ့ဖြစ်ခဲ့ဘူး၊ အခုတွေ့ဆုံမှုကို ကျွန်တော်တို့ဘက်က ဒုဥက္ကဋ္ဌဦးဆောင်ပြီး တက်ရောက် သွားဖို့ ရှိပါတယ်” ဟု ပြော သည်။

ရန်ကုန်မြို့မှာ တပ်မတော်နှင့် သီးသန့် တွေ့ဆုံ ဆွေးနွေးမည့် အခင်းအကျင်းတွင် KNU ဘက်မှ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူး ဝင်း ဦးဆောင် တက်ရောက်မည် ဖြစ်သော်လည်း တပ်မတော်ဘက်က မည်သည့် ပုဂ္ဂိုလ်များ တက် ရောက်မည်ကို မသိရ သေးပေ။

တပ်မတော်နှင့် KNU တို့ တွေ့ဆုံမည့် အခြေအနေနှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိ သူများကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိကြသည့်အတွက် တစ်စုံတစ်ရာမ သိရသေးပေ။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ KNU ၏ စစ်ရေးလက်အောက်ခံ တပ်မဟာ(၅)နှင့် တပ်မတော်တို့ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး တပ်မတော်ဘက်က လက်နက်ကြီး ပစ်ခတ်မှုတချို့လည်း ရှိခဲ့ကြောင်း KNU ဘက်က ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်(PC) အကြံပေး ဦးလှမောင်ရွှေက “တွေ့ဖြစ်မယ်လို့တော့ ထင်ပါတယ်၊ တွေ့ဖြစ်ရင်တော့ အရမ်းကောင်းမွန်တယ်ပဲ ပြောရမှာပေ့ါ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လည်း ပါထားပြီးသားပဲ။ NCA အရ အစိုးရနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လိုသလို၊ ပဋိပက္ခတွေ လျှော့ချဖို့အတွက် ဆိုရင် လည်း အခုလို တပ်နဲ့ သီးသန့် တွေ့ဆုံမှုတွေ လိုအပ်ပါတယ်။ ဒီလိုတွေ့ဆုံမှုကြောင့်ပဲ အောက်ခြေမှာ ဖြစ်နေတဲ့  ပဋိပက္ခ တွေ လျှော့ချနိုင်မှာပါ”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုသည် ဖာပွန်ခရိုင်အတွင်း တပ်မတော်မှ လမ်းဖောက်လုပ်နေခြင်းအပေါ် KNU တပ်မဟာ(၅) ဘက် က စစ်ရေးပြင်ဆင်ခြင်းဖြစ်သည်ဟု မှတ်ယူကာ နှစ်ဖက် နားလည်မှု လွဲကာ ၂၀၁၈ ခုနှစ်၊ မတ်လက စတင်ပြီး ယနေ့ချိန်ထိ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေး ဖိုးတို့ ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်က ရန်ကုန်မြို့မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ ကြရာ တိုက်ပွဲများ ခဏ ရပ်သွား ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း တပ်မတော်နှင့် KNU တို့ သီးသန့် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ဖာပွန်ခရိုင် အတွင်းမှာ KNU ၏ စစ်ရေးလက်အောက်ခံ တပ်မဟာ(၅)နှင့် တပ်မတော်ကြား မကြာခဏ တိုက်ပွဲဖြစ်ပွား မှုများက ရှိနေ သေးကြောင်း သိရသည်။

နှစ်ဖက်ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲလျှော့ချနိုင်ရေး တပ်မတော်နှင့် KNU တို့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်မှာ ယခုလို သီးသန့် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် ဖြစ်လာကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှု မရှိခင် ဖေဖော်ဝါရီ ၁၆-၁၇-၁၈ ရက်များတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရနှင့် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှ ကိုယ်စားလှယ်များ တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly