နန်းဖာလုံဈေးမှာ မျောက်ငိုသီးများ အဝယ်လိုက်နေဟုဆို

နန်းဖာလုံဈေးမှာ မျောက်ငိုသီးများ အဝယ်လိုက်နေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁။             ။ မြန်မာ -အိန္ဒိယ နယ်စပ် တမူးမြို့ရှိ နန်းဖာလုံဈေးတွင် မျောက်ငိုသီးများ အဝယ်လိုက်နေသည်ဟု ဈေးသူ/ဈေးသားများနှင့် မျောက်ငိုသီးကုန်သည် တချို့က ပြောသည်။

နန်းဖာလုံဈေး ဈေးခေါင်းရုံးတာဝန်ရှိသူ ကိုဖိုးသားက “ ဒီရာသီအချိန်ထဲမှာ အဓိက စားသောက်ကုန်ထဲမှာ ဒီအချိန်ဆိုရင် မျောက်ငိုသီးက အဓိကပေါ့နော်၊ နောက်ပြီး ပန်းသီး၊ လိမ္မော်သီး အစုံပေါ့။ အိန္ဒိယဘက်ကတော့ သူတို့ ဆီမှာ ရှားတဲ့ပစ္စည်းတွေ ဖြစ်တယ်ပေါ့နော်”ဟု ပြောသည်။

မျောက်ငိုသီးများသည် ဇန်နဝါရီလမှတင်ကာ ဧပြီလကုန်အထိ အသီး သီးလေ့ရှိပြီး ပုံမှန်အားဖြင့် မတ်လမှာ  မျောက်ငိုသီး အရောင်းအဝယ် အကောင်းဆုံးလ ဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္ပလင်း၊ ဖောင်းပြင်နှင့် ချင်းပြည်နယ် ဖလမ်း၊ တီးတိန်၊ ဟားခါးမြို့တို့သည် မျောက်ငိုသီး အဓိကထွက်ရာ ဒေသများဖြစ်ကာ အိန္ဒိယနိုင်ငံဘက်သို့ တင်ပို့ ရောင်းချလျက်ရှိသည်။

မျောက်ငိုသီးများကို အိန္ဒိယနိုင်ငံဘက်တွင် နေထိုင်လျက်ရှိသည့် ကသည်းလူမျိုးများက အများဆုံး ဝယ်ယူကြ သည်ဟုလည်း သိရသည်။

မျောက်ငိုသီး စပေါ်သည့် ဇန်နဝါရီလတွင် ချင်းတောင်မှာ အသီး စ၍ သီးသေးသည့် ကာလဖြစ်နေခြင်းကြောင့် အတောင့် ၁၀၀ ပါသည့် တစ်စီးဆိုပါက အိန္ဒိယငွေ ရူပီး ၂၀၀၀၊ မြန်မာငွေဖြင့်ဆိုပါက  ၄၀၀၀၀ ကျပ် လောက် အထိ ဈေး ပေါက်သည်ဟုလည်း သိရသည်။

နန်းဖာလုံဈေးမှ ဈေးသူတစ်ဦး ဖြစ်သူ မခင်ခင်ညိုက “ ကျသွားတယ်ဆိုရင်တော့ ၂၀၀၊ ၃၀၀ လည်း ဖြစ်သွား တာပေါ့၊ မြေပြန့်တွေမှာ ပေါ်လာပြီဆိုရင်လေ၊ ဒါတွေက မြေပြန့်သီးတွေ မဟုတ်ဘူး။ ချင်းတောင်ကနေ လာတဲ့ ဟာတွေ။ သူတို့က အဲ့အသီးကို အသက်ရှည်သီးတဲ့၊ အဲ့တာကို စားရင် အသက်ရှည်တယ်တဲ့ အဲ့တာကြောင့် သူတို့က ပေါ်ဦးပေါ်ဖျားဆိုရင် ဈေးဘယ်လောက် များများ ဝယ်စားတယ်” ဟု ပြောသည်။

မျောက်ငိုသီးတွင် သကြားဓာတ်၊ သံဓာတ်၊ ပိုတက်စီယံ၊ ဖော့စဖရတ်၊ ဘီတာမင် A၊ ဘီတာမင် B နှင့် ဘီတာမင်  C ၊ အမျှင်ဓာတ်နှင့် သတ္တုဓါတ်များ ပါဝင်သည်ဟု သိရသည်။

တမူးမြို့ရှိ နန်းဖာလုံဈေးတွင် မျောက်ငိုသီး ရောင်းအား အကောင်းဆုံး နှစ်မှာ ၂၀၁၉ ခုနှစ်ဖြစ်သည်ဟု မျောက်ငိုသီးကုန်သည် ကိုအောင်မျိုးဦးက ဆိုသည်။

အဆိုပါအသီးသည် အပင်၏ ကိုင်းအဖျားတွင် တွဲလောင်းကျပြီး သီးသောအသီးဖြစ်ရာ ထိုအသီးကို စားလိုသော  မျောက်သည် ကိုင်းအဖျားထိ သွား၍ မရနိုင်ဘဲ ဖြစ်နေကာ အသီးကို ကြည့်ရင်း မျက်ရည် ကျရသည့်အထိ ဖြစ်ခဲ့သောကြောင့် မျောက်ငိုသီးဟု အမည်တွင်လာခြင်းဖြစ်ကြောင်း တမူးဒေသခံများက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly