ဟူပေပြည်နယ်ကျန်းမာရေးကော်မရှင် ထိပ်ပိုင်းအရာရှိနှစ်ဦး ရာထူးမှဖယ်ရှားခံရ

ဟူပေပြည်နယ်ကျန်းမာရေးကော်မရှင် ထိပ်ပိုင်းအရာရှိနှစ်ဦး ရာထူးမှဖယ်ရှားခံရ
Photo - AFP

 ဖေဖော်ဝါရီ ၁၁ ။                      ။ ဟူပေအာဏာပိုင်တွေဟာ လူတစ်ထောင်ကျော်ကိုသေဆုံးစေခဲ့ပြီဖြစ်တဲ့  ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နေရတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရစဉ်မှာပဲ ပြည်နယ် ကျန်းမာရေးကော်မရှင်က ထိပ်ပိုင်းအရာရှိနှစ်ဦးကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။  

ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်ရဲ့ ကွန်မြူနစ်ပါတီဥက္ကဋ္ဌဖြစ်သူ Zhang Jin နဲ့ ဒါရိုက်တာဖြစ်သူ Liu Yingzi တို့ကို ပြည်နယ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ရာထူးကဖယ်ရှားလိုက်တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန CCTV ကတစ်ဆင့် ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာခဲ့ပါတယ်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဒါရိုက်တာဖြစ်သူ Wang Hesheng က လစ်လပ်သွားတဲ့ရာထူးနေရာနှစ်ခုစလုံးကို ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

ဒီဇင်ဘာလကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်အထိ သေဆုံးသူ ၁၀၁၆ ဦးနှင့် ကူးစက်ခံရသူ ၄၂၆၃၈ ရှိသွားပြီဖြစ်ပါတယ်။

ဝူဟန်အာဏာပိုင်တွေဟာ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကြိုတင်သတိပေးခဲ့လို့ အပြစ်ပေးခံခဲ့ရတဲ့ ဆရာဝန် သေဆုံးသွားပြီးတဲ့ကိစ္စအပါအဝင် ရောဂါထိန်းချုပ်ပုံ ညံ့ဖျင်းမှုတွေကြောင့် ဖိအားများစွာနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly