ELN အဖွဲ့မှ တိုက်ခိုက်လာနိုင်ခြေရှိ၍ ကိုလံဘီယာက စစ်တပ်ကို တပ်လှန့်ထား

ELN အဖွဲ့မှ တိုက်ခိုက်လာနိုင်ခြေရှိ၍ ကိုလံဘီယာက စစ်တပ်ကို တပ်လှန့်ထား

ဖေဖော်ဝါရီ ၁၁ ။                    ။ လက်ဝဲယိမ်း ပြောက်ကျားသူပုန်အဖွဲ့ ELN ဘက်ကနေ တိုက်ခိုက်မှုတွေ လုပ်လာနိုင်ခြေ ရှိနေတဲ့အတွက် စစ်တပ်ကို အသင့်အနေအထား ရှိနေဖို့ တပ်လှန့်ထားရကြောင်း ကိုလံဘီယာ အစိုးရက ပြောပါတယ်။

ELN သူပုန်အဖွဲ့ဘက်က နိုင်ငံတစ်ဝန်း သုံးရက်ကြာ လက်နက်ကိုင် တိုက်ခိုက်မှုလုပ်မယ်လို့ ကြေညာချက်တစ်ခု ထုတ်ထားခဲ့တဲ့အတွက် စစ်တပ်ကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားရတယ်လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး ကာလို့စ် ဟုမ်းစ် ထရူဂျီလို က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်ကစလို့ နိုင်ငံနယ်နမိတ်ထဲမှာ ၇၂ နာရီကြာ တိုက်ခိုက်မှုတွေလုပ်မယ်လို့ ELN တပ်မှူး ယူရီရယ်က ဆိုရှယ်မီဒီယာကနေတဆင့် ကြေညာထားခဲ့တယ်လို့ ဆိုပါတယ်။

ELN ကတော့ ကိုလံဘီယာမှာ အာဏာပိုင်တွေကို တိုက်ခိုက်နေဆဲဖြစ်တဲ့ နောက်ဆုံးလက်ကျန် ပြောက်ကျားသူပုန်လှုပ်ရှားမှု အဖွဲ့တစ်ခုဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ယင်း ELN အဖွဲ့မှာ တပ်ဖွဲ့ဝင်အင်အား ၂,၃၀၀ လောက် ရှိနေတယ်လို့လည်း ခန့်မှန်းရပါတယ်။

“ ပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် လိုအပ်သလို လုပ်ဆောင်ဖို့ တစ်နိုင်ငံလုံးက တပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားပါတယ်” လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။

ELN အဖွဲ့ကတော့ ဒီလို ကြေညာချက်မျိုးတွေကို ယခင်ကလည်း ကြေညာခဲ့ဖူးပြီး တစ်ကြိမ်တစ်ခါမှတော့ တစ်နိုင်ငံလုံးအတိုင်းအတာ တိုက်ခိုက်မှုတွေကို ကျူးလွန်ထားခဲ့ဖူးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required