ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံရေး အခက်အခဲဖြစ်နေဟုဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံရေး အခက်အခဲဖြစ်နေဟုဆို
ပုံ - NRPC (fb)  အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလေးဖွဲ့မှ ကိုယ်စားလှယ်များ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့မှာ Bilateral စာချုပ်ကိစ္စ ဆွေးနွေးနေကြစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀။         ။ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့အကြား တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ အလွတ်သဘော  တွေ့ဆုံဆွေးနွေးရန် ရှိ သော်လည်း လတ်တလော ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တွေ့ဆုံရန် ရက်မညှိနှိုင်းရသေးကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်(PCG)မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

မြောက်ပိုင်းမဟာမိတ် လေးဖွဲ့မှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA)၊ ပလောင်(တအန်း)ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ( PSLF/TNLA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ မြန်မာအမျိုးသားဒီမိုကရေ စီမဟာမိတ် တပ်  ဖွဲ့(MNDAA) တို့ ပါဝင်ကြ သည်။

ဦးလမိုင်ဂွန်ဂျာက "ဖေဖော်ဝါရီလ ၁၅ ရက်လောက် တရုတ်နိုင်ငံ၊ကူမင်းမှာ တွေ့ဖို့ ချိန်းထားတာတော့ ရှိတယ်။  ဒါပေမဲ့ အ  ခု လောလောဆယ် တရုတ်ပြည်မှာက ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် တရုတ်ပြည်မှာ အဝင်အထွက် ခက်ခဲတဲ့ အခါကျ တော့ တွေ့ဆုံနိုင်ဖို့ ဘာမှလည်း မသိရသေးဘူး" ဟု ပြောသည်။

ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ်(Bilateral) ‌ဆွေးနွေးရန် ကြန့်ကြနေခြင်းသည် မည်သည့် အဖွဲ့အစည်းကြောင့် မဟုတ်ဘဲ တရုတ်ပြည်တွင် ဖြစ်ပွားနေသည့် ရောဂါကြောင့် လောလောဆယ် ရက်ရွေ့ဆိုင်းရမည့် သဘော ရှိနေပြီး ဒီတစ်ခေါက် တွေ့ဆုံနိုင်ပါက  ကောင်းမွန်သည့် ရလဒ်များ ရရှိနိုင်သလို မကြာခင် လက်မှတ်ရေးထိုးနိုင်မည့်အဆင့် ဖြစ်လာလိမ့်မည်ဟုလည်း မျှော်လင့်သည်ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ကော်မရှင်(PC) ဦးလှမောင်ရွှေက “ကျိုင်းတုံ ဆွေးနွေးပွဲပြီးတော့ တရုတ်ပြည်မှာ အလွတ်သဘော ဆွေးနွေးဖို့ လျာထားတာတော့ ရှိတယ်။ ဒါပေမဲ့လည်း တရုတ် နှစ်သစ်ကူးနောက် ဗိုင်းရပ်စ် ဖြစ်နေတာဆိုတော့ သွားဖို့လာဖို့လည်း ခက်ခဲနေတယ်။ ဘယ်တော့ ဆွေးနွေးနိုင်မလဲ ဆိုတာလည်း ညှိနှိုင်းနေကြတုန်း” ဟု ပြောသည်။

AA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ  ဦးခိုင်သုခကတော့ ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် (Bilateral) ‌ဆွေးနွေး ရေး အခြေအနေနှင့်ပတ်သက်ပြီး မိမိ မသိရှိသေးဟု ပြောသည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ အစိုးရ ကိုယ်စားလှယ်နှင့် မြောက်ပိုင်း လေးဖွဲ့မှ ကိုယ်စားလှယ်များ Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးခဲ့ကြရာ အချက် ၇ ချက်ကို ဆက်လက် ဆွေးနွေး ရန် သဘောတူညီခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံရန် ညှိနှိုင်းထားမှုရှိသော်လည်း တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စဲ ဖြစ်ပွားနေခြင်းကြောင့် ဝင်ထွက် သွားလာရန် အခက်အခဲများ ရှိလာသည့်အတွက် တွေ့ဆုံမှုပါ အခက်အခဲဖြစ်လာကြောင်း PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

တရုတ်နိုင်ငံ၊ ဟူဘေပြည်နယ်၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် တွေ့ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအ နေ ကြေညာခဲ့ရာ ယခုအခါမှာတော့ တရုတ်နိုင်ငံ တဝှမ်းအပြင်၊ ပြင်သစ်၊ အမေရိကန်၊ စင်ကာပူ၊ ဗြိတိန် အပါအဝင် နိုင်ငံ အများစုသို့ ပြန့် နှံ သွားခဲ့သည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၉၀၂ ဦးရှိပြီး ကူးစက်ခံရသူ ၄၀၀၀၀ (လေးသောင်း) ဝန်ကျင်းရှိကြောင်း သိရသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ကြသည့် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့သည် မြောက်ပိုင်းလေးဖွဲ့နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း၌ လေးကြိမ် စုစုပေါင်း ငါးကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly