စင်္ကာပူက ပြန်လာသည့် အမျိုးသမီးဖျားနေသောကြောင့် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

စင်္ကာပူက ပြန်လာသည့် အမျိုးသမီးဖျားနေသောကြောင့် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ဝ။             ။ စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လာခဲ့သော တောင်ဒဂုံမြို့နယ်နေ အသက်၂၉ နှစ်အရွယ် အမျိုးသမီးသည် စင်္ကာပူနိုင်ငံတွင်ရှိစဉ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော လူနာနှင့် အနီး ကပ်ထိတွေ့ခဲ့သူဖြစ်သောကြောင့် ဝေဘာဂီအထူးကုဆေးရုံတွင် ခွဲခြားထားရှိခဲ့ရာ ယနေ့(ဖေဖော်ဝါရီ ၁ဝ ရက်) နံနက်၌ အဖျားရှိလာသောကြောင့် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ပြီး ရောဂါရှိ၊ မရှိ ဓာတ် ခွဲနမူနာများကို ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက မဇ္ဈိမကို ပြောသည်။

“တောင်ဒဂုံမှာ နေထိုင်တဲ့ စင်ကာပူက ပြန်လာတဲ့ အမျိုးသမီးကတော့ အမတို့မနေ့ကတည်းက ဝေဘာဂီဆေးရုံမှာ တင်ထားပြီးတော့ ဆေးရုံမှာ စောင့်ကြည့်နေတာပါ။ ဒီမနက်မှာဆိုရင်တော့ သူအဖျားရှိလာတယ်။ အဖျားရှိလာတဲ့အတွက် သူ့ကို စောင့်ကြည့်လူနာထဲ ထည့်လိုက်ပါတယ်။ ထည့်လိုက်တဲ့အတွက် တိုးသွားပြီပေါ့နော်။ သူ့ဆီက ဓာတ်ခွဲနမူနာယူမယ်။ ယူပြီးတော့ WHO အသိအမှတ်ပြုဓာတ်ခွဲခန်းကို ပို့မယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်) နံနက်က အဆိုပါအမျိုးသမီးအကြောင်းကို စင်္ကာပူနိုင်ငံဘက်မှ မြန်မာနိုင်ငံဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲသို့ သတင်းပေးပို့ခဲ့ရာ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိ သူ များက ချက်ချင်းကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဝေဘာဂီဆေးရုံတွင် ခွဲခြားထားပြီးအသွားအလာကန့်သတ်ခြင်းပြုလုပ်ထားသည်။ နေအိမ်ရှိ အဆိုပါအမျိုးသမီးနှင့် အနီးကပ်ထိတွေ့ခဲ့သူ များကိုလည်း နေအိမ် တွင်နေ ထိုင်စေရျ်အသွားအလာကန့်သတ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုမှုများပြုလုပ်နေကြောင်း သိရသည်။

ဒေါက်တာခင်ခင်ကြီးက “သူ့ရဲ့ မိသားစုဝင်တွေကိုလည်း Home Quarantine လုပ်ထားတာပါ။ အဲ့ဒါက သူတို့မှာရောဂါမရှိသေးဘူး။ ရောဂါဖြစ်နိုင်တဲ့ အခြေအနေရှိသူတွေကို ကျွန်မတို့ ရောဂါမဖြစ်လာအောင်၊ ဖြစ်လာရင် လည်း မြန်မြန်ဆန်ဆန်ကုသမှုပေးနိုင်အောင်၊ သူကနေ တခြားသူတွေကို ကူးစက်မှုမရှိအောင် ရည်ရွယ်ပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေအထိ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာနှင့် စောင့်ကြည့်လူနာစုစုပေါင်း ၁၄ ဦးရှိခဲ့ပြီး ယနေ့ (ဖေဖော်ဝါရီ ၁ဝ ရက်) နေ့လည်တွင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာနှင့် စောင့်ကြည့်လူနာစုစုပေါင်း ၁၉ ဦးရှိနေပြီဖြစ်ကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။

“မနေ့ကဆိုရင် သံသယလူနာတစ်ဦး၊ စောင့်ကြည့်လူနာ ၁၃ ဦး။ အခုဖျားတဲ့ တစ်ယောက်နဲ့ဆိုရင် သံသယလူနာတစ်ဦး၊ စောင့်ကြည့် ၁၄ ဦးပေါ့။ ပြီးရင် မောက်မယ်က မိသားစုထဲမှာ လူကြီး ၄ ယောက်ကို ကျွန်မတို့ စောင့် ကြည့်လူနာထဲ ထည့်လိုက်တာကြောင့် သံသယလူနာတစ်ယောက်၊ စောင့်ကြည့်လူနာ ၁၈ ယောက်ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများနှင့် စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို national health laboratory မှတဆင့် ထိုင်းနိုင်ငံက WHO ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ မတွေ့ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

တရုတ်နိုင်ငံမှာဖေဖော်ဝါရီ ၁၀ ရက် နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆေုံးမှု(၉၁၀)၊ ကူးစက်ခံရသူ (၄၀၅၅၄) ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly