အင်အားပြင်းထန်တဲ့ Ciara မုန်တိုင်း ဥရောပဒေသကို ဝင်ရောက်၊ ခရီးသွားလာမှုများ ရပ်ဆိုင်း

အင်အားပြင်းထန်တဲ့ Ciara မုန်တိုင်း ဥရောပဒေသကို ဝင်ရောက်၊ ခရီးသွားလာမှုများ ရပ်ဆိုင်း

ဖေဖော်ဝါရီ ၁၀ ။                 ။ ဥရောပဒေသ အနောက်မြောက်ပိုင်းကို အင်အားပြင်း Ciara မုန်တိုင်း ဝင်ရောက်လို့ အားပြင်းတဲ့ လေပြင်းတွေ ကျရောက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ ရာနဲ့ချီတဲ့ လေယာဉ် ခရီးစဉ်တွေနဲ့ မီးရထား ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။

Ciara မုန်တိုင်းဟာ ဗြိတိန်နဲ့ အိုင်ယာလန်ကိုလည်း ဝင်ရောက်ခဲ့တဲ့အတွက် ယင်းနိုင်ငံတွေမှာ လူနေအိမ် သောင်းချီ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မုန်တိုင်းကြောင့် ပြင်သစ် မြောက်ပိုင်း ဒေသ အတော်များများမှာလည်း လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ထားရပြီး လူနေအိမ်ပေါင်း ၁၃၀,၀၀၀ လောက် လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ ဒါ့အပြင် ပင်လယ်ကမ်းရိုးတန်းတွေမှာ မုန်တိုင်းကြောင့် လှိုင်းကြီးလာမှာကိုလည်း စိုးရိမ်နေရပါတယ်။

Ciara မုန်တိုင်းကတော့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြင်သစ်ကို ဖြတ်ပြီး တောင်ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် တစ်နာရီ လေတိုက်နှုန်း ၁၃၀ ကီလိုမီတာ ရှိခဲ့ပြီး တစ်နာရီ ကီလိုမီတာ ၂၀၀ အထိ မြင့်တက်နိုင်တယ်လို့လည်း ပြင်သစ် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ဗြိတိန်မှာလည်း မုန်တိုင်းကြောင့် နိုင်ငံမြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေ ကြုံခဲ့ပြီး လက်ရှိအချိန်အထိ မုန်တိုင်းအန္တရာယ် သတိပေးချက် ထုတ်ထားရဆဲလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly