ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုများကြောင့် ယူနိုက်တက် လေ့ကျင့်ရေးခရီးစဉ်ကို အိုင်အာလို လွှဲချော်

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုများကြောင့် ယူနိုက်တက် လေ့ကျင့်ရေးခရီးစဉ်ကို အိုင်အာလို လွှဲချော်
Photo: Man United

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အိုဒီယို အိုင်အာလိုဟာ ဒီတစ်ပတ် စပိန်မှာ အသင်းဖော်သစ်တွေနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်ကို ပူးပေါင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အကြောင်းကတော့ ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် ကန့်သတ်ချက်တွေ ပိုမိုတင်းကျပ်လာမယ်ဆိုရင် သူဟာ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ဖို့ ငြင်းပယ်ခံရနိုင်ဖွယ်ရှိတာကြောင့် စိုးရိမ်နေလို့ပဲဖြစ်ပါတယ်။

အိုင်ဘာလိုဟာ ပြီးခဲ့လက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ တရုတ်ကလပ် ရှန်ဟိုင်း ရှန်ဟွာအသင်းကနေ ယူနိုက်တက်ဆီ ရာသီကုန်အထိ အငှားနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

"တရုတ်နိုင်ငံရဲ့ လက်ရှိအခြေအနေအရ ကစားသမားသစ် အိုဒီယို အိုင်အာလိုဟာ စပိန်ကို မသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း တရုတ်နိုင်ငံမှာ ရှိနေခဲ့တဲ့ ခရီးသွားတွေအပေါ် ယူကေ လူဝင်မှုကြီးကြပ်ရေးက နယ်စပ်ဆိုင်ရာ ကန့်သတ်ချက်တွေ ပိုမိုတင်းကျပ်လာမယ်ဆိုရင် သူ့အနေနဲ့ ပြန်လာဖို့ အာခံချက်မရှိတာကြောင့်ပဲဖြစ်ပါတယ်။"လို့ ယူနိုက်တက်က ကြေညာချက်မှာ ပြောပါတယ်။

"အိုင်အာလိုဟာ မန်ချက်စတာမှာ တကိုယ်ရည်လေ့ကျင့်ခန်းနဲ့ ကြံ့ခိုင်ရေးအစီအစဉ်တွေ ပြုလုပ်ပါလိမ့်မယ်။ ဒီတော့ အသင်းဟာ ခရီးစဉ်ကနေ ပြန်လာတဲ့အခါ သူက အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ဖို့ အဆင့်ဖြစ်ပါလိမ့်မယ်။

"အခြေအနေက စောင့်ကြည်ခံနေရဆဲဖြစ်လို့ ဒါက ကြိုတင်ကာကွယ်မှုတစ်ခုလိုဖြစ်ပါတယ်။"

၂၀၁၇ ခုနှစ်က ဝက်စ်ဟမ်းအသင်းကနေ ချန်ချွင်းယားထိုင်းအသင်းကို ပြောင်းရွှေ့ပြီးနောက် နှစ်ရာသီအကြာမှာ ရှန်ဟိုင်းရှန်ဟွာ အသင်းကို ပူးပေါင်းခဲ့တဲ့ အိုင်အာလိုကို ယူနိုက်တက်က ဒဏ်ရာရနေတဲ့ ရပ်ရှ်ဖို့ဒ်နေရာအတွက် အရေးပေါ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

"ဒါပေါ့ သူဟာ ကစားသမားတွေနဲ့အတူ လာချင်မှာပါ။ ဒါပေမယ့်  နယ်စပ်ဖြတ်ကျော် ကန့်သတ်တင်းကျပ်မှုတွေရဲ့ အန္တရာယ်ကြောင့် ကျနော်တို့ ဒီကို ခေါ်လာလို့ မရတာပါ။"လို့ ယူနိုက်တက် မန်နေဂျာ ဆိုးလ်ရှားက ပြောပါတယ်။

ရပ်ရှ်ဖို့ဒ်နဲ့ ပေါ့ဂ်ဘာတို့ဟာလည်း မန်ချက်စတာမှာ ဒဏ်ရာပြန်လည်ကောင်းမွန်အောင် ဆက်လုပ်ဆောင်သွားမှာဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ စပိန်ခရီးစဉ် လူစာရင်းထဲမှာ လွှဲချော်ခဲ့ကြပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ထိပ်ဆုံး (၄)သင်းထဲ ဝင်ရောက်နိုင်ဖို့အတွက် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ချယ်လ်ဆီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly