ဆီးရီးယားအစိုးရတပ်နဲ့ သူပုန်အကြားတိုက်ပွဲကြောင့် အရပ်သား ၂၀ ဦးသေဆုံး

ဆီးရီးယားအစိုးရတပ်နဲ့ သူပုန်အကြားတိုက်ပွဲကြောင့် အရပ်သား ၂၀ ဦးသေဆုံး

ဖေဖော်ဝါရီ ၁၀ ။              ။ ဆီးရီးယားနိုင်ငံ မြို့တော် ဒမားစကပ်နဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ အလက်ပိုတို့ကို ဆက်သွယ်ထားတဲ့ အဓိက အမြန်လမ်းမကြီးကို ဆီးရီးယားအစိုးရက သူပုန်လက်ထဲက  ပြန် လည်ရယူဖို့ ရက်သတ္တပတ်ပေါင်းများစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်  အရပ်သား အနည်းဆုံး ၂၀ ဦးသေဆုံးခဲ့ရပါတယ်။

M5 အမြန်လမ်းမကြီးဟာ တစ်ချိန်က ဆီးရီးယားရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ အလက်ပိုနဲ့ ဒမားစကပ်၊ ဂျော်ဒန်နယ်စပ် အစရှိတဲ့နေရာတွေကို ဆက်သွယ်ထားတာဖြစ်ပြီး ဆီးရီးယားအစိုးရနဲ့ ရုရှားနောက်ခံပြုမဟာမိတ်တွေက ပြန်လည်ရယူဖို့ ကြိုးစားနေတာပါ။

အလက်ပိုမြို့ရဲ့တောင်ဘက်မှာရှိတဲ့ အမြန်လမ်းမကြီးရဲ့ တစ်စိတ်တစ်ပိုင်းဟာ အလက်ပိုအနီးရှိ အီဒလစ်ပြည်နယ်ရဲ့ဗဟို လူဦးရေသိပ်သည်းတဲ့နယ်မြေကို ထိန်းချုပ်ထားတဲ့ သူပုန်နဲ့ဂျီဟတ်စစ်သွေးကြွတွေရဲ့ လက်အောက်မှာရှိနေတာပါ။

အစိုးရတပ်ဖွဲ့ရဲ့ အဆက်မပြတ် သူပုန်နှိမ်နင်းရေး ထိုးစစ်ဆင်ခဲ့မှုတွေကြောင့် အဲဒီဒေသက လူဦးရေ ငါးသိန်းလောက်ဟာ အနီးမှာရှိတဲ့ တူရကီနယ်စပ်ကို ထွက်ပြေးခဲ့ကြရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်က ဆီးရီးယားအစိုးရတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ရုတ်တရက်စီးနင်းတိုက်ခိုက်မှုကြောင့် အီဒလစ်တောင်ပိုင်းက အရပ်သားတစ်ဦးအပါအဝင်  အလက်ပို အနောက်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက အရပ်သားတွေ သေဆုံးခဲ့ကြရပါတယ်။

M5 အမြန်လမ်းမကြီးကို ပြန်လည်သိမ်းပိုက်နိုင်ပါက ကိုးနှစ်ကြာပြည်တွင်းစစ်ကြောင့် ချွတ်ခြုံကျခဲ့တဲ့ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာနိုင်မှာဖြစ်ပြီး ဆီးရီးယားနဲ့ အဓိကစီးပွားရေးအချက်အချာမြို့တွေအကြား ကူးလူးသွားလာနိုင်မှာဖြစ်ပါတယ်။

အခုအခါ ဆီးရီးယားတပ်ဟာ အမြန်လမ်းမကြီးဘေးနားမှာရှိတဲ့ ရွာအတော်များများကို ထိန်းချုပ်ထားပြီး နယ်မြေတချို့ကို ပြန်လည်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်လို့  ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly