ပြည်ပနိုင်ငံများ၌ ကိုရိုနာကူးစက်ခံရမှု ပြဿနာထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာရှိသေးကြောင်း WHO သတိပေး

ပြည်ပနိုင်ငံများ၌ ကိုရိုနာကူးစက်ခံရမှု ပြဿနာထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာရှိသေးကြောင်း WHO သတိပေး

 ဖေဖော်ဝါရီ ၁၀ ။           ။ တရုတ်ပြည်မကြီးအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ သေဆုံးသူ ၉၀၈ ဦး နှင့် ကူးစက်ခံရသူပေါင်း ၄၀ ၀၀၀ ကျော် သွားပြီဖြစ်ကာ တရုတ်နိုင်ငံ သို့ မရောက်ရှိခဲ့ဘဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်ပမာဏသည် ပြဿနာထုထည်ကြီး၏ တစ်စွန်းတစ်စမျှသာရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲဖြစ်သူ တက်ဒရော့စ် အက်ဒ် ဟာနွမ် ဂဲဘရယ်ရဲဆွတ် က ပြည်ပနိုင်ငံများအား သတိပေးပြောကြားလိုက်သည်။

ပြည်ပနိုင်ငံများတွင် ကူးစက်မှုအနည်းငယ်တွေ့ရှိရခြင်းသည် ပိုမိုကူးစက်လာနိုင်သည့် အရိပ်လက္ခဏာဖြစ်ကြောင်း၊ တိုတိုပြောရလျှင် ပြဿနာထုထည်ကြီး၏ အမြည်းသဘောမျှသာရှိသေးကြောင်း၊ တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု နှေးသွားသည်ထင်ရသော်လည်း အရှိန်ကောင်းလာနိုင်ကြောင်း ဂဲဘရယ်ရဲဆွတ် က သတိပေးလာခြင်းဖြစ်သည်။

ကန့်သတ်ထိန်းချုပ်မှုသည် ၎င်းတို့၏ မူဝါဒဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုကို ကြိုတင်ကာကွယ်ရန် ကန့်သတ်ထိန်းချုပ်မှုနည်းဗျူဟာဖြင့် ပုံဖော်ထားသည့် အခွင့်အရေးကို နိုင်ငံအားလုံးက အသုံးချကြရမည်ဟု ဂဲဘရယ်ရဲဆွတ် ကဆိုသည်။

တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၃၀ နီးပါးရှိ လူပေါင်း ၃၅၀ ကျော်ခန့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီဖြစ်ကာ တရုတ်ပြင်ပအဖြစ် ဖိလစ်ပိုင်နှင့် ဟောင်ကောင်တွင် တစ်ဦးစီ သေဆုံးခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံတွင် ရောဂါထပ်မံကူးစက်ခံရမှုအခြေအနေ တည်ငြိမ်သွားပြီဟု WHO မှ ပြောခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးအခြေအနေရောက်ပြီဟု ပြောရန်မှာ အရမ်း စောလွန်းနေသေးကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။

WHO ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သည့် ဘရုစ် အဲလ်ဝါ့ဒ် ဦးဆောင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ကိုရိုနာတိုက်ဖျက်ရေးကို ပူးပေါင်းလုပ်ဆောင်ရန် ဖေဖော်ဝါရီ ၁၀ ရက်၌ တရုတ်နိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။ အဲလ်ဝါ့ဒ်သည် WHO ၏ ၂၀၁၄-၂၀၁၆ ခုနှစ်က အနောက်အာဖရိကတွင် ဖြစ်ပွားခဲ့သော အီဘိုလာရောဂါတိုက်ဖျက်ရေးတွင် ကြီးကြပ်ကွပ်ကဲခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly