NLD ပါတီဝင် ဦးဇေယျာမင်း ဖမ်းဆီးခံရမှု လုံးဝမပတ်သက်ဟု အေအေ ငြင်းဆို

NLD ပါတီဝင် ဦးဇေယျာမင်း ဖမ်းဆီးခံရမှု လုံးဝမပတ်သက်ဟု အေအေ ငြင်းဆို

ဖေဖော်ဝါရီ ၉ ။                          ။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအလုပ်အမှုဆောင် ကော်မတီဝင် ဦးဇေယျာမင်းကို အေအေတပ်ဖွဲ့ ဖမ်းဆီးသွားသည်ဟု မိ သားစုဝင်ဘက်ကယူဆနေသည့်အပေါ် အေအေ အနေနှင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းမျိုးမရှိဟု ရခိုင့်တပ်တော်အေအေက ငြင်းဆိုလိုက်သည်။

“ဒီကိုဇေယျာမင်းကို ကျွန်တော်တို့ဖက်က ဖမ်းဆီးထိန်းသိမ်းထားတာ မရှိဘူး။ အဲဒီကိစ္စ ကျွန်တော်တို့နဲ့ ဘာမှပတ်သတ်မှု မရှိဘူး။”ဟု ရခိုင့်တပ်တော်အေအေ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးဇေယျာမင်းသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက အစ်ကိုဝမ်းကွဲဖြစ်သူနှင့်အတူ ကုလားပုန်းကျေးရွာမှ သစ်စက်လုပ်ငန်းလုပ်ကိုင်ပြီး နေအိမ်သို့ ပြန်လာစဉ် ကုလားပုန်းကျေးရွာနှင့် ကျောက်ဆောက်ကျေးရွာအကြားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ရမ်းဗြဲ NLD ပါတီဝင် အတွင်းရေးမှူး ဦးခင်ရီက ပြောသည်။

ဦးဇေယျာမင်းနှင့်အတူပြန်လာသည့် အစ်ကိုဝမ်းကွဲဖြစ်သူကိုမူ ဖမ်းဆီးခြင်းမရှိဘဲ ပြန်လွှတ်ပေးလိုက်ပြီး ဦးဇေယျာမင်းကိုသာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မနေ့ည ၈ နာရီခွဲလောက်မှ သိတယ်။ သူနဲ့ သူ့အစ်ကိုဝမ်းကွဲတစ်ယောက်ပါတယ်။ လူ ၈ ယောက်က သေနတ်နဲ့ ထောက်ခေါ်သွားတယ်။ အစ်ကိုဝမ်းကွဲကိုတော့ ပြန်လွှတ်လိုက်တယ်။ ဦးလေးတို့က အေအေလို့လည် းစွပ်စွဲတာမဟုတ်ဘူး။ ဒါပေမယ့် အနီးစပ်ဆုံးပေါ့။ အစိုးရမဟုတ်သော လက်နက်ကိုင်ဆိုရင် အေအေတစ်ခုပဲရှိတယ်ပေါ့လေ။”ဟု ဦးခင်ရီက ပြောသည်။

ဦးဇေယျာမင်းကို ဖမ်းဆီးသွားသည့် နေရာသည် မြို့နှင့် ၁၀ မိုင်ခန့်ဝေးကွာကြောင်း သိရသည်။

ဦးဇေယျာမင်းသည် နိုင်ငံတကာတရားရုံး ICJ ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်သည့်အတွက် အေအေထံ ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်များက ယူဆနေကြခြင်းဖြစ်သည်။ ထို့ပြင် ဖုန်းအဆက်သွယ် မရသဖြင့် စိုးရိမ်နေကြောင်းလည်း မိသားစုဝင်များက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ICJ ကိစ္စနှင့် ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံပွဲပြုလုပ်ရန် စည်းရုံးခဲ့သည့် ဘူးသီးတောင်မြို့နယ် NLD ဥက္ကဌ ဦးရဲသိန်းကို အေအေက ဖမ်းဆီးခဲ့ပြီး ၁ လကျော်အကြာတွင် တပ်မတော်၏ ထိုးစစ်ဆင်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly