၀ါကျွတ်လပြည့်နေ့ မြောက်ဦး သျှစ်သောင်းဘုရားသို့ လာရောက်ဖူးမျှော်သူများပြား

၀ါကျွတ်လပြည့်နေ့ မြောက်ဦး သျှစ်သောင်းဘုရားသို့ လာရောက်ဖူးမျှော်သူများပြား

အောက်တိုဘာ ၂၉ ရက် ။          ။ ဝါကျွတ်သီသတင်းကျွတ်လပြည့်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရား၌ လာရောက်ဖူးမျှော်သူ များပြားခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၂၈ ရက်၊ ညနေ ၄ နာရီအချိန်ထိ လာရောက်ဖူးမျှော်သူ ဦးရေ သောင်းဂဏန်း ရှိနေပြီဟု သျှစ်သောင်းဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောကြားသည်။

"ဒီနေ့ ဘုရားလာဖူးကြတဲ့သူတွေ အရမ်းများတယ်။ မြောက်ဦးမှာက ဒီသျှစ်သောင်းဘုရားတို့၊ ကိုသောင်းဘုရားဆိုတာက အရမ်းနာမည်ကြီးတာကိုး။ ဒီနေ့က ဝါကျွတ်နေ့ဆိုတော့ ဥပုပ်စောင့်မယ့်သူတွေ လည်းလာကြတယ်။ ဆွမ်းလောင်းပြီး ကုသိုလ်ယူဖို့ လာကြတဲ့သူတွေလည်း ရှိတယ်။ လူကတော့ သောင်းကျော်မယ် ထင်တယ်။" ဟု ပြောသည်။

ဒေသခံရခိုင်တိုင်းရင်းသားများကြောင်း၊ ရခိုင်မျိုးနွယ်စုဝင်များလည်း ဘုရားလာဖူးကြကြောင်း၊ ယင်းအပြင် နိုင်ငံခြားသား ခရီးသွားများလည်း လာရောက်ကြသည်ဟုသိရသည်။

မြောက်ဦးမြို့နယ်၊ ဆင်အိုးကျေးရွာမှ ဒေါ်သောင်းညွှန့်က "ကျမစိတ်မှာ သျှစ်သောင်းဘုရားကို ဖူးမျှော်ချင်စိတ် ပေါ်လာတယ်။ ဒါနဲ့ ရွာကလူတွေကို အဖော်ရှာတယ်။ တစ်ယောက်မှ လိုက်မဲ့သူမရှိဘူး။ ကျမရဲ့ စိတ်ကို မပြင်နိုင်တာနဲ့ အဖော်မရလည်း တစ်ယောက်တည်း သွားမယ်ဆိုပြီးတော့ ထွက်လာတာ။ ဒီကိုရောက်တော့ စိတ်က တည်ငြိမ်သွားပြီး တော့ အေးချမ်းသလို ခံစားရတယ်။" ဟု ပြောသည်။
သျှစ်သောင်းဘုရားကြီးမှာ ကျော်ကြားသော ဘုရားတစ်ဆူလည်းဖြစ်ပြီး တည်ထားကိုးကွယ်ခဲ့သော ရှင်ဘုရင်မှာ မြောက်ဦး ဒုတိယခေတ်အား စတင်တည်ထောင်ခဲ့သည့် (မင်းဗာဘုရင်) ဖြစ်သည်။

ထိုမင်းသည် ကောဇာသက္ကရာဇ် (၈၉၄) ခုနှစ်၊ ခရစ်နှစ် အေဒီ (၁၅၃၁) ခုနှစ်တွင် ထီးနန်းစတင်စိုးစံခဲ့သည်။ မင်းဗာဘုရင်မြတ်၏ ခံယူထားသော ဘွဲ့အပြည့်အစုံမှာ (သီရိသူရိယစန္ဒမဟာဓမ္မရာဇာ) အိန္ဒိယမှ ပေးအပ်သောဘွဲ့မှာမူ (ဇော့ဘော့ချားလ်) ဖြစ်ကြောင်း ဘုရားသမိုင်းစာအုပ်များတွင် ဖော်ပြထားသည်။

သျှစ်သောင်းဘုရားဟု ခေါ်ရခြင်းမှာ ဌာပနာခန်းတွင် ဓာတ်တော်ရှစ်သောင်းရှိသဖြင့်လည်းကောင်း၊ ဘုရားဆင်းတု တော်ငယ် ရှစ်သောင်းရှိသဖြင့်လည်းကောင်း ရည်ရွယ်၍ ခေါ်ခြင်းဖြစ်ပြီး ပေါ်တူကီ တို့၏ စစ်ဘေးရန်နှင့် အိမ်နီးချင်းစစ်ကို အောင်မြင်သော အဓိက အထိမ်းအမှတ်အဖြစ် (ရန်အောင်ဇေယျ သျှစ်သောင်းဘုရားပုထိုးတော်ကြီး) ဟူ၍ အမည်ထား ခြင်းဖြစ်သည်ဟု အလားတူဘုရားသမိုင်း စာအုပ်များတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required