ဖေဖော်ဝါရီ ၉ ရက်။ ။ ဝူဟန်မြို့ မှ မန္တလေးတိုင်းသို့ ၅ရက်တာ လာရောက်လည်ပတ်ပြီး မိမိနေရပ် ကူမင်းမြို့ သို့ ပြန်သွားသော တရုတ်နိုင်ငံသား အဆုတ်ရောင်ရောဂါ ( ကိုရိုနာဗိုင်းရပ်စ် ) ဖြစ်ပွားနေတာ တွေ့ရှိရသဖြင့် ကူမင်းဆေးရုံမှာ ဆေးကုသခံယူနေကြောင်းသိရသည်။
အသက် ( ၇၁) နှစ်အရွယ်ရှိ ဝူဟန်မြို့သားသည် အဖွဲ့ နဲ့ အတူမန္တလေးမြို့သို့ ဇန်နဝါရီ ၂၀ ရက်နေ့က အပျော်ခရီး လာရောက်လည်ပတ်ပြီးနောက် ဇန်နဝါရီ ၂၅ ရက်နေ့မှာ မိမိနေရပ်သို့ မန္တလေး မြို့ က နေ လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း တက်ဟုန်းညီညွတ်ရေး သတင်းစာ (မြန်မာ) ကဖော်ပြခဲ့သည်။အဆိုပါအမျိုးသားအား ကူမင်းလေဆိပ်တွင် ကျန်းမာရေး စစ်ဆေး ပြီးနောက် ကူမင်းမြို့ ၌ ပင် သီးသန့်ခွဲထားကာ ဆေးကုသ ပေးထားကြောင်းသိရသည်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၊ မန္တလေးတိုင်းဒေသကြီး ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့် အားမေးမြန်းရာမှာတော့ လေကြောင်းလိုင်း နှင့် ကားလမ်းအဝင်အထွက်ဂိတ်များတွင် အပူချိန်တိုင်းတာမှုများနှင့် ဆောင်ရွက်နေသော်လည်း အဖျားမရှိရင်တော့ လွတ်သွားနိုင်တယ်ကြောင်းပြောသည်။
“ ပြင်ဆင်ထားတာက အစကတည်းက ရှိပြီးသား ၊ တရုတ်တွေက ဝင်လိုက် ထွက်လိုက်သွားလာနေကြတာ။ စောင့်ကြည့်ကာလကျော်ရင် သူရောဂါလက္ခဏာ မပြရင်တော့ ဘာမှ မသိဘူး။ ဒီနိုင်ငံက ကူးတယ်လို့ ပြောချင်မှ ပြောလို့ရချင်မှာလေ။ တရုတ်နိုင်ငံကနေ ဒီကို လာတယ်။ ဒီကနေ သူတို့နိုင်ငံ သူတို့ ဘာသာပြန်သွားတယ်။ သူနိုင်ငံရောက်မှာ ဖြစ်ပြီးတော့ ဖြစ်နိုင်တာပဲ။ ဒါကို ပြောနေမဟုတ်ဘူး ။ ဒီလို့ကြီး ဖြတ်သန်းသွားနေတာတော့ ကျွန်မတို့က လေကြောင်းလိုင်း ၊ ကားလမ်းတွေမှ အပူချိန်တိုင်းတာတွေ လုပ်နေတယ်။ အဲ့ဒီမှာ အဖျားမရှိရင်တော့ လွှတ်ထွက်သွားမှာပဲ ။ဒါတွေကတော့ သူတို့ဘာသာ ပြောနေတာပဲ။ ကျွန်မတို့ကတော့ ပြန်လည်ချေပစရာအကြောင်းမရှိဘူး။ ကျွန်မတို့က Fevers System လုပ်တယ်။ လွတ်သွားရင်တော့ ကျွန်မတို့လည်း မတတ်နိုင်ဘူး။ ဒီမှာတော့ အခုထိ ဘာမှ မရှိသေးဘူ “ ဟု ၎င်းက ပြောသည်။
လက်ရှိတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၈ ရက်နေ့ ၊ ည ၉ နာရီ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ 2019 Novel Coronavirus သံသယလူနာ ( ၁ ) ဦး အပါအဝင် ရောဂါစောင့်ကြည့် လူနာ ၁၀ ဦးတို့အား ဆေးရုံများတွင် စောင့်ကြပ်ကုသပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၉ ရက်အထိဆိုရင် ၈၀၀ ကျော်သွားပြီဖြစ်ကာ ကူးစက်ခံထားရသူ အရေအတွက်ဟာ ၃၇,၂၀၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။