ဂျပန် ဟီတာချီက ပြည်တွင်းတွင် ဓာတ်လှေကား တပ်ဆင်ခြင်းလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်မည်

ဂျပန် ဟီတာချီက ပြည်တွင်းတွင် ဓာတ်လှေကား တပ်ဆင်ခြင်းလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်မည်

ဂျပန်နိုင်ငံ ဟီတာချီကုမ္ပဏီက ဓာတ်လှေကားနဲ့ စက်လှေကား တပ်ဆင်ခြင်း လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ တိုးချဲ့လုပ်ကိုင် သွားမှာဖြစ်တယ်လို့ ဟီတာချီရဲ့ တာဝန်ရှိသူတွေက အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာပြောဆိုလိုက်ပါတယ်။တစ်ဘက်မှာကလည်း ပြည်တွင်း ဈေးကွက်ထဲမှာ ဝင်ရောက်နေပြီးသား ဥရောပဈေးကွက် ရှိနေတဲ့အတွက် နှစ်အနည်းငယ်ထဲမှာ ကျော်တက်သွားချင်တယ်လို့ ဟီတာချီရဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဟီရိုရှိဆာတိုက ဆိုပါတယ်။

“ဥရောပ ဈေးကွက်က ဒီမှာရှိနေပြီးသား ဆိုတာ သိထားပါတယ်၊ သူတို့ထက်စာရင် ကျွန်တော်တို့ နောက်ကျ နေမယ်လို့ ပြောလို့ရတယ်ဗျ၊ ဒါပေမယ့် ဒီအချိန်မှာတွေ့ရတဲ့ ဖွံ့ဖြိုးမှုက ပိုပြီးအခွင့်အလမ်းတွေ များမယ်လို့ ထင်တယ်၊ ဒီအခြေအနေကနေ အမှီလိုက်ပြီးကျော်တက်သွားနိုင်ဖို့ ကျွန်တော်တို့ ခြေလှမ်းကြဲကြဲနဲ့ လုပ်ကိုင်သွားမှာပါ” လို့ သူက ပြောပါတယ်။

ပြည်ပ ရင်းနှီးမြှုပ်နှံထားတဲ့ အဆောက်အဦး တွေမှာဆိုရင်လည်း ဟီတာချီရဲ့ ဓာတ်လှေကား အစီးရေပေါင်း ၇၀ လောက်ကို ဒီနှစ်အကုန်မှာ တပ်ဆင်ဖို့လည်း အမှာစာတွေ ရထားတယ်လို့ ဟီတာချီကပြောပါတယ်။ တစ်နှစ်ကို ဓာတ်လှေကား ယူနစ်ပေါင်း ၁၀၀ လောက် ပြည်တွင်းဈေးကွက်မှာ တပ်ဆင်သွားနိုင်ဖို့ကိုလည်း ဟီတာချီကမျှော်လင့်ထားပါတယ်။

“ကျွန်တော်တို့ရဲ့  လုပ်ငန်းလည်ပတ်မှုတွေကနေ ရှေ့ဘဏ္ဍာနှစ်၊ ဈေးကွက်မှာ အနည်းဆုံး ၁၀ရာခိုင်နှုန်း လောက်တိုးတက်လာဖို့ ကျွန်တော်တို့ မျှော်မှန်းထားတယ်ဗျ။ ဒီနှစ်မှာတော့ ယူနစ်ပေါင်း ၁၀၀ တပ်ဆင်ဖို့ မျှော်မှန်းထားပြီး ဈေးကွက်တိုးတက်မှု ၈ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက် ရှိပါတယ်” လို့လည်း Hitachi Elevator  ဦးဆောင်ညွှန်ကြားရေးမှူး ကီယိုရှိအဲဂူချီက ပြောပါတယ်။

ဂျာမနီနိုင်ငံအခြေစိုက် Thyssenkrupp (သင်ဆင်ခရု) ကုမ္ပဏီကတော့ မြန်မာ နိုင်ငံမှာ ကုမ္ပဏီရုံးခွဲ ဖွင့်လှစ်ခဲ့တာဟာအချိန်  (၂)နှစ်ထဲကိုရောက်လာပါပြီ။ သူတို့ကုမ္ပဏီအနေနဲ့ လက်ရှိမှာတော့ ဓာတ်လှေကားအစီးရေ (၂၀)လောက်ပဲ တပ်ဆင်နိုင်သေးတယ်လို့ ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်ကခွင့်ပြုထားတာက နိုင်ငံခြား ကုမ္ပဏီတွေအဖို့ အကန့်အသတ်တေ ရှိနေတယ်လို့ Thyssenkrupp (သင်ဆင်ခရု)ရဲ့ မြန်မာပြည်ဆိုင်ရာမန်နေဂျာကပြောပါတယ်။

“အခုလက်ရှိ အချိန်ကအားမရသေးဘူး၊ တိုးတက်မှုက နှေးကွေးနေတယ်၊ ကျွန်တော်တို့ရတဲ့ ဆိုဒ်တွေက အရွယ်အစား သေးငယ်နေတယ်။ ThyssenKrupp (သင်ဆင်ခရု)က အကြီးစား ထုတ်လုပ်ရေးတွေရှိတယ်၊ ဒါပေမယ့် အစိုးရက နိုင်ငံခြား ကုမ္ပဏီတွေကိုကုန်သွယ်ခွင့် မပြုထားတော့ ကျွန်တော်တို့ ကြီးထွားဖို့ အခက်အခဲတွေဖြစ်နေတယ်” လို့ Business  Line Manager ဦးဇော်ဝင်းနိုင်က ဆိုပါတယ်။

ကမ္ဘာ့ထိပ်တန်း ဓာတ်လှေကား လုပ်ငန်းပေါင်း ၆ခုထက် မနည်း ပြည်တွင်း စီးပွားဘက်တစ်ချို့နဲ့ ပူးပေါင်း လုပ်ကိုင်နေကြပါတယ်။ ကုမ္ပဏီ ၃ခုလောက်က ဥရောပ နိုင်ငံတွေကဖြစ်ပြီး ကျန်တဲ့ ကုမ္ပဏီတွေကတော့ အာရှနဲ့ အမေရိကန်က ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly