တရုတ်နိုင်ငံပြင်ပတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လာနိုင်ဟု WHO သတိပေး

တရုတ်နိုင်ငံပြင်ပတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လာနိုင်ဟု WHO သတိပေး

ဖေဖော်ဝါရီ ၉ ။             ။ တရုတ်နိုင်ငံ ပြင်ပ တစ်ခြားသောနိုင်ငံများတွင်လည်း နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းသည် မြင့်တက်နိုင်ကြောင်း၊ ယင်းအတွက်ကြောင့် နိုင်ငံများအနေဖြင့် အဆိုပါ ဖြစ်နိုင်ဖွယ် အလားအလာအတွက် ကြိုပြင်ဆင်ထားသင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွန်ကြားရေးမှူးချုပ်က ဖေဖော်ဝါရီ ၈ ရက်တွင် သတိပေးပြောဆိုသွားခဲ့သည်။

“ ခုချိန်ကတော့ နှေးနေပါသေးတယ်၊ ဒါပေမယ့် ကူးစက်မှုနှုန်းက အရှိန်မြင့်ကောင်း မြင့်လာနိုင်ပါတယ်၊ ဒါကြောင့် ခုလို နှေးနေတဲ့အချိန်မှာ ဖြစ်နိုင်ဖွယ် အလားအလာတွေအတွက် ကြိုပြင်ဆင်ထားနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်၊ ဒါမှလည်း ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရလာပြီး ဒီ ကူးစက်မှုနှုန်းကို အရှိန်လျှော့ချ၊ ရပ်တန့်စေနိုင်မှာ ဖြစ်ပါတယ်” ဟု WHO ညွန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန် ဂီဘရီယီဆက်စ်က ဂျီနီဗာမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသော တရုတ်သို့ ခရီးသွားလာခဲ့ခြင်း မရှိသလို နိုင်ငံတွင် ယင်းဗိုင်းရပ်စ်ကူးစက်ခံထားရသူများနှင့်လည်း အဆက်အစပ် မရှိသည့် အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း စင်ကာပူ ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ပြီးနောက် အထက်ပါအတိုင်း WHO အကြီးအကဲ၏ သတိပေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့်လည်း နိုင်ငံတွင် ကြီးမားသည့် အများပြည်သူ ပွဲလမ်းသဘင်အခမ်းအနားများကို ဖျက်သိမ်းခြင်း၊ သို့မဟုတ် ရွှေ့ဆိုင်းခြင်းတို့ လုပ်ဆောင်သင့်ကြောင်း စင်ကာပူ အာဏာပိုင်များကလည်း အကြံပြုချက်တစ်ရပ် ထုတ်ပြန်သွားခဲ့ရသည်။

ဖေဖော်ဝါရီ ၈ ရက်အထိ တရုတ်တွင် ယင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၄,၅၉၈ ဦး ရှိပြီး တရုတ်ပြင်ပ နိုင်ငံပေါင်း ၂၄ ခုတွင် ယင်းဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ပေါင်း ၂၈၈ ခု ရှိနေကြောင်း WHO အကြီးအကဲက ပြောသွားသည်။

လက်ရှိအခြေအနေအရ တုန့်ပြန်လုပ်ဆောင်မှု၏ ရည်မှန်းချက်ပန်းတိုင်က ယင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ရပ်တန့်စေပြီး ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရေးပင် ဖြစ်နေဆဲဟု WHO က အခိုင်အမာ ပြောထားသည်။

တရုတ်အာဏာပိုင်များအနေဖြင့်လည်း ယင်းဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို တားဆီးနိုင်ရန် အပြင်းအထန် ကြိုးပမ်းအားထုတ်နေလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required