ထိုင်းတွင် စစ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံး

ထိုင်းတွင် စစ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံး
Photos: AFP

ထိုင်းနိုင်ငံမှာ စစ်သားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ရပြီး အခြားလူ ၃၁ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထိုင်းစစ်သားဟာ ဒီပစ်ခတ်မှုတွေ ကျူးလွန်ခဲ့တာကို အွန်လိုင်းပေါ်မှာ တိုက်ရိုက် live လွှင့်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ၎င်းဟာ လက်ရှိမှာ စျေးဝယ်စင်တာတစ်ခုမှာ ပုန်းခိုနေရင်း လွတ်မြောက်နေဆဲလို့ သိရပါတယ်။

ဒီ ပစ်ခတ်မှုကတော့ နိုင်ငံအရှေ့မြောက်ပိုင်း နက်ခွန် ရက်ချာဆီမာ မြို့မှာ ဖေဖော်ဝါရီ ၈ ရက် နေ့လည်ခင်းကတည်းက စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဂျကရာပန်သ် သွန်မာ အမည်ရ တပ်ကြပ်ကြီးအဆင့်ရှိ အဆိုပါ ထိုင်းစစ်သားဟာ ၎င်းရဲ့ အထက်အရာရှိ တစ်ဦးကို အရင် ပစ်သတ်ခဲ့ပြီး စစ်စခန်းတစ်ခုကနေ လက်နက်တွေ ခိုးယူသွားခဲ့ကာ ပစ်ခတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူက စစ်ကားတစ်စီးကိုပါ ခိုးသွားပါတယ်၊ ပြီးတော့ မြို့လယ်ခေါင်ကို မောင်းသွားပါတယ်။”ဟု ထိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မုန်ကောလ် ကူတာစီရီက ပြောပါတယ်။

အဆိုပါ ထိုင်းစစ်သားဟာ ဘန်ကောက်ကနေ ၂၅၀ ကီလိုမီတာအကွာမှာရှိတဲ့ မြို့က မတူညီတဲ့ နေရာတွေမှာ ပစ်ခတ်မှုတွေ ကျူးလွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ထိုင်းစစ်သားကို ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာက ကြိုးပမ်းနေပြီး ခုလို ပစ်ခတ်မှုတွေ ဘာကြောင့် ကျူးလွန်ရသလဲ ဆိုတာကို လက်ရှိအချိန်မှာ မသိရှိရသေးပါဘူး။

ဒီ ပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းမိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း ထုတ်ဖော်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly