YRTA အခွန်မဆောင်ရခြင်းက အခွန်ဥပဒေအရဖြစ်သည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

YRTA အခွန်မဆောင်ရခြင်းက အခွန်ဥပဒေအရဖြစ်သည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၈။               ။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ နိုင်ငံတော်သို့ အခွန် မဆောင်ခဲ့ခြင်းမှာ အခွန်ဥပဒေအရ မဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စမ်းချောင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းက လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့စဉ် အထက်ပါအတိုင်း ပြောခဲ့သည်။

 “အခွန်ဥပဒေမှာ အစိုးရ အာဏာပိုင်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက ရရှိတဲ့ဝင်ငွေကို အခွန်ဆောင် စရာ မလိုဘူးလို့ ဖော်ပြထားတယ်။ ဒီအတွက် ကျွန်တော်တို့က အခွန်မဆောင်ခဲ့ တာ ဖြစ်တယ်။ ပြည်ထောင်စု အစိုး ရက အခွန်ဆောင်ဆို ဆောင်ရမှာပေါ့၊ ဘာကြောင့်လဲဆိုတော့ ဒီအခွန်က ကျွန်တော်တို့ တိုက်ပုံ အင်္ကျီ ထဲက ပိုက်ဆံတွေလိုပဲ။ ဘယ်အိတ်ကပ်ထဲ ထည့်ထည့် ပြည်ထောင်စုအစိုးရနဲ့ ကျွန်တော်တို့ အစိုးရရဲ့ ဝင်ငွေ တွေပဲ ဖြစ် တယ်၊ ခေါင်းစဉ် ချိန်းရုံပါပဲ။ ကျွန်တော်တို့အတွက် ပြဿနာမရှိဘူး”ဟု ၎င်းက ပြောသည်။

ပုံ - Thee Say Chin

သို့သော် ဥပဒေအရ အာဏာပိုင် အဖွဲ့အစည်းများက အခွန်ပေးမဆောင်ရဘူးဆိုလျှင် ဥပဒေဘက်က ကျွန်တော်တို့ ရပ်တည်ရ လိမ့်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုလို အခွန်ပေးဆောင်ခြင်း မရှိဘူးဆိုသော်လည်း တည်ဆဲအခွန်ဥပဒေအရ ဒေသန္တရ အာဏာပိုင် အဖွဲ့ အစည်းမှရသည့် အခွန်အခရငွေ ဆိုလျှင် အခွန်ထပ်ဆောင်ရန် မလိုဘူးဟု ပြည်တွင်း အခွန်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

“ အဲ့ဒါက ဘယ်လိုလဲဆိုတော့ တိုင်းတို့၊ ပြည်နယ်တို့မှာရှိတဲ့ စည်ပင်သာယာ အဖွဲ့တွေက ကောက်တဲ့ အခွန်ဝင် ငွေတွေ ရှိတယ်လေ၊ ဥပမာ ပစ္စည်းခွန်တို့ပေါ့။ အဲ့လို အခွန်မျိုးတွေဆိုရင် ကျွန်တော်တို့ကို အခွန်ထပ်ပြီးတော့ ပေးစရာမလိုဘူး။ သူတို့က အခွန်ပေးသင့် ပေးထိုက်တဲ့ သူတွေဆိုတော့ ပေးရမယ်”ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

တိုင်းဒေသကြီး စာရင်းစစ်ချုပ်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏  ဝင်ငွေမှာ လုပ်ငန်းလည်ပတ်မှု သုံးငွေထက် ကျပ်သန်းပေါင်း ၇၆၀၀ ကျော် ရရှိထားသော်လည်း ဝင်ငွေခွန် ပေးဆောင်ထားခြင်း မရှိဘူးဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly