ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာတစ်ဦးတွေ့၊ လူနာ ၁ဝ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာတစ်ဦးတွေ့၊ လူနာ ၁ဝ ဦးအထိ ရှိလာ
Photo - AFP

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက်။        ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ထပ်တိုးလာသောကြောင့် ယနေ့(ဖေဖော်ဝါရီ ၈ ရက်)နေ့ခင်း အချိန်အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာနှင့် စောင့်ကြည့်လူနာ စုစုပေါင်း ၁ဝ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက မဇ္ဈိမကို ပြောသည်။

တရုတ်နိုင်ငံမှ ပြန်လာပြီး ဖျားနာချောင်းဆိုးလက္ခဏာတွေ့ရသည့် လပွတ္တာမြို့နယ်မှ အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ၊ တရုတ်နိုင်ငံမှ ပြန်လာပြီး ဖျားနာချောင်းဆိုး လည်ချောင်းနာ ရောဂါ လက္ခဏာများ ခံစားနေရ သည့် သဲကုန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးတို့ကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆေရုံကြီးများတွင် စောင့်ကြည့်လူနာအဖြစ် စောင့်ကြည့် ကုသပေးနေပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ ညအထိ သံသယလူ နာနှစ်ဦးအပါအဝင် လူနာ ၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပြီး လက်ရှိအချိန်တွင် တစ်ဦးထပ်တိုးလာခြင်း ဖြစ်သည်။

ဒေါက်တာခင်ခင်ကြီးက “မနေ့ကတော့ အစ်မတို့ ပြောထားတာ သံသယလူနာ၂ ယောက်နဲ့ စောင့်ကြည့်လူနာ ၇ ယောက်၊ စုစုပေါင်း ၉ ယောက်ပေါ့။ အဲ့ဒီမှာမှ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းက အသက် ၁၈ နှစ် တစ်ယောက်ကတော့ တိုးတယ်။ ဖျား တယ်၊ ချောင်းဆိုးတယ်၊ တရုတ်ပြည်က ပြန်လာတယ် အဲ့တာကြောင့် ဆေးရုံတင် စောင့်ကြည့်တာပါ။ အဲ့ဒါတော့ သတင်း မထုတ်ပြန်ရသေးဘူး။ အခု သံသယ ၂ ယောက်နဲ့ စောင့်ကြည့် ၈ ယောက် ဖြစ်သွားပြီ ပေါ့နော်။ နောက်ထပ် ဘယ်ကနေ ဘယ်လိုဆိုတာ အစ်မဆီကို ပြောထားတာ ရှိတယ်။ အဲ့ဒါတွေက လောလောဆယ် အတည်မပြုရသေးပါဘူး”ဟု ပြော သည်။

 ကိုရိုနာဗိုင်းရပ်စ် သံသယလူနာနှင့် စောင့်ကြည့်လူနာ ၁ဝ ဦးတွင် လှိုင်သာယာပြည်သူ့ဆေးရုံမှ ဝေဘာဂီ အထူးကု ဆေးရုံသို့ လွှဲပြောင်း ဆေးကုသမှု ခံယူခဲ့သော အသက် ၃၂ နှစ်အရွယ် တရုတ်နိုင်ငံသား တစ်ဦးနှင့် ရခိုင်ပြည် နယ်၊ မင်းပြားမြို့နယ်က အမျိုးသားတစ်ဦးတို့သည် ဓာတ်ခွဲစစ်ဆေးပြီး ရောဂါမရှိကြောင်းနှင့် ဝေဘာဂီဆေးရုံမှ တရုတ်နိုင်ငံ သားမှာ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။

 ဒေါက်တာခင်ခင်ကြီးက “သံသယလူနာ ၂ယောက်၊ စောင့်ကြည့်လူနာ ၈ ယောက်မှာ လှိုင်သာယာက ဝေဘာဂီလွှဲတဲ့ လူနာက ဒီနေ့ ပေးဆင်းလိုက်ပါပြီ။ ရခိုင်ပြည်နယ် မင်းပြားကတော့ မဆင်းရသေးပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများနှင့် စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို national health laboratory မှတဆင့် ထိုင်းနိုင်ငံက WHO ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ မတွေ့ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required