၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မိသားစုလိုက် မဲစာရင်းစနစ်ဖြင့် ဆောင်ရွက်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မိသားစုလိုက် မဲစာရင်းစနစ်ဖြင့် ဆောင်ရွက်မည်
ပုံ -  မဇ္ဈိမ  မွွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈။           ။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကာလတွင် မဲစာရင်း စစ်ဆေးမှုများ လွယ်ကူစေရန် မိသားစုလိုက် မဲစာရင်း စနစ်ဖြင့် ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က မဇ္ဈိမသို့ ပြောသည်။

မိသားစုလိုက် မဲစာရင်း၏ အားသားချက်မှာ မဲစာရင်းတွင် မိသားစုဝင်များ၏ နာမည်စာရင်းများကို အတူတူ ရေးသားထား မည့်စနစ် ဖြစ်သည့်အတွက် မဲစာရင်း မှားယွင်းမှုများ လျော့ပါးစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က “၂၀၁၅ တုန်းက အက္ခရာစဉ်နဲ့ သွားတဲ့အခါကျတော့ မဲစာရင်း ရှာဖွေရတာ ခက်တယ်ဆိုတဲ့ ပြဿနာတွေ ကျွန်တော်တို့ ကြုံခဲ့ရတယ်။ အခု ၂၀၁၇ ကြားဖြတ်ကနေစပြီး ၂၀၂၀ မှာတော့ မိသားစုအလိုက် မဲစာရင်း ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဆိုသည်။

မဲစာရင်းများ ကြေညာသည့်အခါတွင် မိသားစုဝင် တစ်ဦးကသာ လာရောက်ကြည့်ရှု့ရန် လိုအပ်ပြီး မိမိ၏ မိသားစုဝင်များ မဲစာရင်းတွင် ပါ/မပါကို အလွယ်တကူ ကြည့်ရှု စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သိရ သည်။

ဦးဟိဏ်းလင်းထက်က “မဲစာရင်း မှန်ကန်မှုများရင် ကျန်နေတာတွေ မရှိရင် မဲပေးပိုင်ခွင့် ပိုပြီးရမယ်။ ကျွန်တော်တို့က တက်နိုင်သလောက် အကောင်းဆုံး စေတနာ ထားပြီး ဆောင်ရွက်ထားတယ်” ဟု ပြောသည်။

ထို့ကြောင့် မဲစာရင်းများ မှားယွင်းမှု နည်းစေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှနေ၍ မဲစာရင်းများ ကပ်ထားရန် ကြေညာသည့် အချိန်တွင် မဲစာရင်းများကို လာရောက် စစ်ဆေးကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ တွဲဖက်အတွင်းရေးမှူး-၁  စိုင်းကျော်ညွှန့်က “ နည်းစနစ် ကတော့ တစ်ပိုင်း၊ နောက်ပြီး‌တော့ ဘယ်လောက်ထိ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ဟာက တစ်ပိုင်းဖြစ်တယ်။ မဲရုံတွေကို ဘယ်မှာ ထားမယ်၊ ဘယ်အရပ်၊ ဘယ်ရွာမှာထားမယ်။ ပြီးတော့ အဲ့ဒီမဲရုံတွေကို ဘယ်သူတွေက မဲသွားပေးရမယ် ဆိုတာတွေကို လူထုကို အသိပေးဖို့က ဘယ်လိုသုံးမလဲပေါ့။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကိုပဲ သုံးမှာလား ပြီးရင် တခြား ရွေးကောက်ပွဲနှင့်သက်ဆိုင်တဲ့ ယန္တရားတွေသုံးပြီးတော့ လူထု ဘယ်လို လွယ်လွယ်ကူကူ မဲပေးလို့ ရအောင် လုပ်နိုင်မလဲ ဆိုတဲ့ အချက်ပေါ်မှာပဲ အခြေခံမယ်လို့ ကျွန်တော်ကမြင်ပါတယ်”ဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်းခန့်ရှိခဲ့ပြီး ၂၀၂၀ တွင် မဲပေးခွင့်ရှိသူ ၁၇ သိန်း ၅ သောင်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ လူ ၂ သိန်းကျော် မဲပေးခွင့် တိုးပွားလာကြောင်းလည်း သိရသည်။

အဆိုပါ မဲပေးခွင့် ရှိသူများနှင့် တပ်မိသားစုဝင်များအတွက် မွန်ပြည်နယ်အတွင်း မဲရုံ ၉၆၀ ခန့် ဖွင့်လှစ် ပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly