ဘရာဇီးလ်မှာ သူရဲကောင်းတစ်ယောက်လို အကြိုဆိုခံရတဲ့ ဂျပန်ရဲ့ ဟွန်ဒါ

ဘရာဇီးလ်မှာ သူရဲကောင်းတစ်ယောက်လို အကြိုဆိုခံရတဲ့ ဂျပန်ရဲ့ ဟွန်ဒါ
Photos: EPA

ဂျပန်ကွင်းလယ်ကစားသမား ကိုင်ဆုကိ ဟွန်ဒါဟာ ဒီနှစ်ကုန်အထိ ကစားဖို့ မကြာသေးခင်က လက်မှတ်ထိုး စာချုပ်ခဲ့တဲ့ ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်းရဲ့ ပရိသတ်ထောင်ပေါင်းများစွာထံကနေ သောကြာနေ့က သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုခံခဲ့ရပါတယ်။

"အိုလေ၊ အိုလေ၊ အိုလေ၊ အိုလေ၊ ဟွန်ဒါ၊ ဟွန်ဒါ"လို့ စိတ်အားထက်စွာ အော်ဟစ်နေတဲ့ ပရိသတ်တွေက ရီယိုဒီဂျနေးရိုးရှိ Galeao လေဆိပ်မှာ ရောက်ရှိလာတဲ့ အသက် (၃၃)နှစ်အရွယ် ကစားသမားကို ဂျပန်အလံတွေ ဝှေ့ယမ်းပြီး ကြိုဆိုခဲ့တာပါ။

ရောက်ရှိလာတဲ့ ဟွန်ဒါကလည်း လူအုပ်ကြီးကို နှုတ်ဆက်ပြီးနောက် ဘိုတာဖိုဂိုအသင်းရဲ့ ဦးထုပ်ကို ဆောင်းခဲ့ပြီး ကလပ်ရဲ့ အနက်ရောင်နဲ့ အဖြူရောင် အလံကို ဝှေ့ယမ်းခဲ့ပါတယ်။

ဂျပန်ဘောလုံးသမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဟွန်ဒါကို နီးလ်တွန် ဆန်းတို့စ်ကွင်းမှာ စနေနေ့မှာ တရားဝင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဘိုတာဖိုဂိုအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဘရာဇီးလ်လိဂ်မှာ တန်မဆင်းရုံသမယ် အဆင့် (၁၅) မှာ ရပ်တည်နေခဲ့ပြီးနောက် အဆင့်တက်လာဖို့ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဟွန်ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉  နိုဝင်ဘာလက နယ်သာလန်ကလပ် ဗစ်ဆီ အာဟမ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် နှစ်လမပြည့်ခင် ဒီဇင်ဘာလက အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့နေသူဖြစ်ပါတယ်။

အေစီမီလန်နဲ့ CSKA မော်စကိုအသင်းတို့ရဲ့ ကွင်းလယ်လူဟောင်းဟာ ဂျပန်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး (၄)ဂိုးအပါအဝင် ပွဲပေါင်း (၉၈)ပွဲကစားပေးခဲ့ပြီး (၃၇)ဂိုးသွင်းယူခဲ့ပါတယ်။

၂၀၁၈ မှာ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ဂျပန်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဘိုတာဖိုဂိုအရပ်ကတော့ ကမ္ဘာပေါ်မှာ နေထိုင်ဖို့ အန္တရာယ်အများဆုံးမြို့တွေထဲက တစ်ခုအဖြစ်ရှိနေခဲ့ပြီး ပျမ်းမျှလူ (၁၀၀,၀၀၀) မှာ (၃၉) ဦးထိ လူသတ်မှုကြောင့် သေဆုံးနေရတယ်လို့ သိရပါတယ်။

Re; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly