လင်းနို့မှ လူဆီ ကိုရိုနာကူးစက်စေတဲ့ စပ်ကြားသတ္တဝါက သင်းခွေချပ်ဖြစ်နိုင်လို့ တရုတ်ပညာရှင်တွေ ပြော

လင်းနို့မှ လူဆီ ကိုရိုနာကူးစက်စေတဲ့ စပ်ကြားသတ္တဝါက သင်းခွေချပ်ဖြစ်နိုင်လို့ တရုတ်ပညာရှင်တွေ ပြော
Photos: AFP

တရုတ်နိုင်ငံမှာ လူသေဆုံးစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရင်းမြစ်တိရစ္ဆာန်ကို စူးစမ်းလျက်ရှိတဲ့ တရုတ်သုတေသနပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်က လင်းနို့ကနေ လူဆီ ကူးစက်လာတဲ့ စပ်ကြားဗိုင်းရပ်စ်လက်ခံရာ သတ္တဝါဟာ သင်းခွေချပ်တွေ ဖြစ်နိုင်တယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ ပြောပါတယ်။

ဒါပေမယ့်လည်း ခုလို ကိုရိုနာဗိုင်းရပ်စ်ရဲ့ စပ်ကြားလက်ခံရာဟာ သင်းခွေချပ်ဖြစ်တယ်ဆိုတဲ့ ရှာဖွေတွေ့ရှိမှုဟာ အပြီးသတ်မဟုတ်ဘဲ ဆက်လက်သုတေသနပြုရဦးမယ့် တွေ့ရှိချက်ဖြစ်တယ်လို့ အခြားသိပ္ပံပညာရှင်တွေက ပြောပါတယ်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

အစောပိုင်း သုတေသနတစ်ရပ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားစေတဲ့ စပ်ကြားတိရစ္ဆာန်က မြွေတွေ ဖြစ်တယ်လို့ ဆိုထားပြီး ဝူဟန်က တောရိုင်းတိရစ္ဆာန်ဈေးက စတင်ပြန့်ပွားတာကြောင့် အခြား တိရစ္ဆာန်တွေဟာလည်း ဗိုင်းရပ်စ်ကူးစက်ရာ စပ်ကြားတိရစ္ဆာန်တွေအဖြစ် သုတေသနပြုနေဆဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်မျိုးဖြစ်တဲ့ ၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တွေက ဖြစ်ပွားပျံ့နှံ့ခဲ့တဲ့ SARS ရောဂါဟာ ကြောင်ကတိုးလို အကောင်မျိုးကနေ ကူးစက်တာ ဖြစ်ပါတယ်။ အဲဒီ နို့တိုက်သတ္တဝါ ကြောင်ကတိုးလို အကောင်မျိုးဟာ သူ့ အသားကြောင့် တရုတ်နိုင်ငံမှာ ဈေးကြီးပေး ဝယ်ရတဲ့ တိရစ္ဆာန်ပဲ ဖြစ်ပါတယ်။

တိရစ္ဆာန်တော်တော်များများဟာ အခြားမျိုးစိတ်တွေဆီ ရောဂါပိုးတွေ သယ်ဆောင်ကူးစက်စေနိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်က လူကို ကူးစက်တာဟာ တောရိုင်းတိရစ္ဆာန်တွေကနေ အစပြုပါတယ်။

ကိုရိုနာဟာ လင်းနို့ကနေ လူဆီ ကူးစက်တယ်လို့ အစောပိုင်း သုတေသနက ဆိုပေမယ့် ပြင်သစ်နိုင်ငံ Pasteur Institute မှ ပညာရှင် အာနောက်ဖွန်တန်နက်ကတော့ လင်းနို့ကနေ လူဆီ တိုက်ရိုက်ကူးစက်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ အမြင်ကတော့ ချက်ချင်း ကူးစက်ဖို့ဆိုတာဟာ အခြား စပ်ကြားတိရစ္ဆာန်ကနေပဲ ကူးစက်လာနိုင်တာလို့ မြင်ပါတယ်။”လို့ ၎င်းက ပြောခဲ့ဖူးပါတယ်။

လက်ရှိ တောင်တရုတ်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ သုတေသနအရတော့ သင်းခွေချပ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် လူဆီ ကူးစက်စေတဲ့ စပ်ကြားတိရစ္ဆာန်တွေပဲဖြစ်နိုင်တာဟာ ၉၉ ရာခိုင်နှုန်း ကျိန်းသေတယ်လို့ ဆိုလာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly