ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုနှင့် ပဟေဠိ

ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုနှင့် ပဟေဠိ

ဖေဖော်ဝါရီ ၈။         ။ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ကစလို့ တကျော့ပြန် အင်တာနက် ဖြတ်တောက်ခံလိုက်ရပါတယ်။

တယ်လီနော၊ MPT၊ Ooredooနဲ့ Mytel တို့ မှာဆက်တိုက်ဆိုသလိုပျောက်ကွယ်သွားခဲ့တာပါ။

တယ်လီနောရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကြောင့် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။

AA နဲ့ တပ်မတော်အကြား လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်နွယ်လို့ ချင်းပြည်နယ်နဲ့ ရခိုင်မှာ ပထမဆုံးအကြိမ် အင်တာနက်ဖြတ်တာပြီးခဲ့တဲ့နှစ် ဇွန်လ ၂၁ ရက်နေ့က စတင်ခဲ့ပါတယ်။ ပလက်ဝ၊ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ဘူးသီး တောင်၊ မောင်တော၊ ရ သေ့တောင်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တွေမှာ ဖြတ်တောက်တာပါ။  

အင်တာနက် ပြန်ဖွင့်ပေးဖို့ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပါ လက်မှတ်ရေးထိုးပြီးဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

နှစ်လကျော်အကြာမှာတော့ ပလက်ဝ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ နဲ့ မြေပုံမြို့နယ်တွေမှာ အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပြီးကျန်လေးမြို့နယ်ကိုအင်တာနက် ဖြတ်တောက်ထားခဲ့ပါတယ်။ အခုတော့ စစ်တွေမြို့ ကလွဲလို့ စစ်တွေခရိုင်၊ မောင်တောခရိုင်နဲ့ မြောက်ဦးခရိုင်တွေမှာ အင်တာနက်ပြတ်နေပါပြီ။

လူမျိုးရေးအသွင်ဆောင်တဲ့ အမုန်းစကားတွေကို ထိန်းချုပ်ဖို့ လုပ်တာလို့ ပထမအကြိမ် ဖြတ်တောက်ချိန်မှာ အစိုးရက ပြောခဲ့ပါတယ်။

တစ်ချို့ကတော့ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အလွယ်တကူမသိရှိစေဖို့ ရည်ရွယ်တာဖြစ်နိုင်ကြောင်းနဲ့ ဖြတ်လေးဖြတ် ပေါ်လစီထဲက တစ်ခုဖြစ်တယ်လို့ ထင်ကြေးပေးတာရှိပါတယ်။ ဖြတ်လေးဖြတ် ပေါ်လစီဆိုတာရိက္ခာဖြတ်၊ လူအရင်းအမြစ်ဖြတ်၊ သတင်းအချက်အလက် အဆက်အသွယ်ဖြတ်နဲ့ လူထုထောက်ခံမှုကို ဖြတ်တောက်ခြင်းစတာတွေဖြစ်ပါတယ်။

လုံခြုံရေးကဏ္ဍနဲ့ ဆက်စပ်တယ်လို့လည်း ခန့်မှန်းပြောနေကြသူတွေရှိပါတယ်။ အကြမ်းဖက်မှုနဲ့ မလိုလားအပ်တဲ့ တိုက်ခိုက်ရေး၊ ဖောက်ခွဲရေးတွေကို လုပ်ဖို့အတွက် အင်တာနက် ဖြတ်တောက်တာဖြစ်နိုင်တယ်လို့ သေနင်္ဂမဟာ ဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။

“အဓိကအကြမ်းဖက်မှုပါပဲ။ အကြမ်းဖက်မှုလုပ်ဖို့နဲ့ မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲမှုတွေပေါ့။ ဒါတွေလုပ်ဖို့အတွက် အင်တာနက် ဖြတ်တယ်လို့ပဲ ကျွန်တော်တို့ဖက်က သုံးသပ်ပါတယ်။” လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မိုဘိုင်းဖုန်းဆင်းကဒ်နဲ့ ဆက်သွယ်ရေးစကားပြောစက်တွေကို အသုံးပြုပြီး ရီမုတ် မိုင်းဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်တာတွေ့ရတယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။

ဒါပေမယ့် တပ်မတော်နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ပြီးခဲ့နှစ် ဇွန်လ ၂၂ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးသတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ရခိုင့်တပ်တော် အေအေရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခပြောတာကတော့ သူတို့ဟာ အစိုးရရဲ့ အင်တာနက်ပေါ် မှီခိုနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

 “ရခိုင့်တပ်တော်အနေနဲ့ သူတို့ရဲ့ အင်တာနက်ကို မှီပြီးတော့မှ စစ်တိုက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးစနစ်က သီးသန့်ရှိတယ်။ အင်တာနက်ကို ဖြတ်တောက်လိုက်လို့ ရှိရင် ပြည်သူတွေပဲသတင်းအမှောင်ကျသွားမှာ။ ကျွန်တော်တို့နဲ့ စစ်တိုက်နေလို့ အင်တာနက်လိုင်းဖြတ်တယ်ဆိုတဲ့ဟာက အတော်လေးကို အတွေးအခေါ်တိမ်တဲ့ သူတွေရဲ့ လုပ်ရပ်ပဲဖြစ်တယ်။”လို့ ခိုင်သုခက ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ဒါဟာ သတင်းတွေကို မြန်မြန်ဆန်ဆန် ပြည်သူတွေ သိအောင် ချပြရမယ့်နေရာမှာ သတင်းတွေကို ပြည်သူတွေ မသိအောင် သတင်းအမှောင်ချတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်။”လို့ ပြောပါတယ်။

အင်တာနက်ဖြတ်တောက်လိုက်တာဟာ အစိုးရရဲ့ ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်တာဖြစ်ပြီး ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာ မသိရသေးကြောင်း အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်တာနက် သုံးစွဲသူတွေရဲ့ ဆုံးရှုံးနစ်နာမှုအတွက် ဘာပြန်လုပ်ပေးမလဲဆိုတာ နောက်မှပြန်ပြောလို့ ရမယ်လို့ အော်ရီဒူးမြန်မာရဲ့ ပြင်ပဆက်ဆံရေးညွန်ကြားရေးမှူး ဦးတင့်နိုင်ထွဋ်က ပြောသည်။

“ဒီနိုင်ငံမှာက မြန်မာနိုင်ငံအစိုးရဆီက ဆက်သွယ်ရေးလိုင်စင်ယူပြီးတော့ လုပ်နေရတာပါ။ အဲတော့ အစိုးရကဆက်သွယ်ရေးညွန်ကြားချက်အတိုင်း ကျနော်တို့ လိုက်လုပ်ရတာပါ။”လို့ ဦးတင့်နိုင်ထွဋ်က ပြောပါတယ်။

တစ်ဖက်မှာလည်း အခုလိုအင်တာနက် ဖြတ်တောက်ခံလိုက်ရတဲ့အတွက် ရခိုင်အခြေစိုက် သတင်းသမားတွေအတွက် သတင်းတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်မယ့်အပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာပါတယ်။

ဟိုအရင်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာတက်လာတဲ့ သတင်းအကြောင်းအရာတွေကို စောင့်ကြည့်ပြီး သတင်းရေးသားလို့ရပေမယ့် အခုချိန်မှာတော့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်က သတင်းအဖြစ်အပျက်တွေကို သိရှိဖို့အင်မတန် ခက်ခဲနေတယ်လို့ ကိုနောင်ခိုင်အောင်က ပြောပါတယ်။

ရခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာနရဲ့ ကိုနောင်ခိုင်အောင်က “အဓိကသတင်းသမားတစ်ယောက်အနေနဲ့မှာ ကျွန်တော်တို့က ရုပ်သံသတင်းထောက်ဆိုတော့ ပိုပြီးအခက်ခဲဖြစ်တယ်။ တစ်ခုခုဆိုရင် ဖုန်းနဲ့ပြောလို့ရတဲ့အဆင့် တချို့စာ သတင်းလုပ်လို့ရတဲ့။ အဲဒါတောင် ဓာတ်ပုံတွေက အဟောင်းတွေပဲပြန်သုံးနေရတယ်။ ဟိုအရင်ဆိုတစ်ခုခုဖြစ်ရင် သက်သေအနေနဲ့ ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေ လှမ်းတောင်းလို့ ရတယ်။ အခုဆိုရင် မရဘူး။ အဲဒီလိုအခက်ခဲတွေပေါ့။ တစ်ခုခုဖြစ်နေတယ်ဆိုရင် ဖြစ်နေတဲ့အချိန်မှာ မသိလိုက်ရတာတွေ ရှိလာတယ်ပေါ့။”လို့ ကိုနောင်ခိုင်အောင်က ပြောပါတယ်။

ဒါ့အပြင် အခုလိုကာလရှည်ကြာ အင်တာနက်ဖြတ်တောက်လိုက်တာဟာ အင်တာနက်ကို အခြေခံပြီး အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်မြောက်ပိုင်းက စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်မှာလည်း ဂယက်ရိုက်ခတ်လာပါတယ်။

မြောက်ဦးမြို့ဒေသခံ မသန်းသန်းထွေးဟာ ဒေသတွင်းရောင်းအားကောင်းတဲ့ အင်္ကျီအထည်အလိပ် ဒီဇိုင်းတွေကို ယိုးဒယားဖက်ကနေ အင်တာနက်မှတစ်ဆင့် မှာယူပြီး မြို့မဈေးမှာ အထည်ဆိုင်ဖွင့်ပြီး ရောင်းချနေသူဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုကာလရှည်ကြာ ဆက်တိုက်အင်တာနက် ဖြတ်တောက်လိုက်တဲ့အခါ ဆုံးရှုံးမှုတွေကသာ သူ့အပေါ် နှိပ်စက်နေပြီး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေါ်သန်းသန်းထွေးက ရင်ဖွင့်ပါတယ်။

“ဘာဖြစ်လို့ ဒီလိုလုပ်လဲဆိုတာကို ကျွန်မတို့ နားမလည်ဘူး။ ကျွန်မတို့မှာက တကယ့်ကို အင်တာနက်နဲ့ စီးပွားရေးအလုပ်လုပ်နေရတာ။ အင်တာနက်အဆင်ပြေမှ ကျွန်မတို့အတွက် အဆင်ပြေတယ်။ အင်တာနက်ဖြတ်ထားတဲ့အတွက် ငွေကြေးရော၊ ပစ္စည်းတွေပါ အရမ်းနစ်နာဆုံးရှုံးတယ်။ ”လို့ ဒေါ်သန်းသန်းထွေးကပြောပါတယ်။

တစ်ဖက်မှာလည်း အင်တာနက်ဖြတ်တောက်ခံရထားတဲ့ မြို့နယ်ကဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အွန်လိုင်းပေါ်က တစ်ဆင့် အလှူခံကြပါတယ်။  အင်တာ နက်ဖြတ်တောက်လိုက်တာကြောင့် အွန်လိုင်းပေါ်ကနေ အလှူခံတဲ့ အစီစဉ်က လုံးဝရပ်ဆိုင်းသွားတယ်လို့ ရခိုင်ရဟန်းတော်များအဖွဲ့မှ အရှင်သဘာဝနဒီက မိန့်ပါတယ်။

“ဒုက္ခသည်စခန်းတွေမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကလို အဖြစ်ပျက်မျိုးဖြစ်သွားရင်တောင် ဦးဇင်းတို့က အချိန်နဲ့တပြေးညီသတင်းတွေကို မထုတ်ပြန်နိုင်ဘူး။ အချိန်နဲ့တပြေးညီပြည်သူတွေကို မချပြနိုင်ဘူးပေါ့။ အဲလိုကိစ္စတွေမှာ လည်း အများကြီးထိခိုက်တယ်။” လို့ အရှင်သဘာဝနဒီက မိန့်ပါတယ်။

ဘာကြောင့်ပဲဖြတ်ဖြတ် ဒေသခံတွေထဲမှာ ပြည်ပရောက် မိသားစုဝင်တွေနဲ့ ဆက်သွယ်ရခက်ခဲတာ၊ လုပ်ငန်းတွေနှောင့်နှေးတာ ကြုံနေကြရပါတယ်။

(ဆောင်းပါးရှင် နောင်နောင်သည် ရခိုင်ပြည်နယ်နှင့်ပတ်သက်သောသတင်းများကိုလေ့လာရေးသားနေသူဖြစ်သည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly