ဝူဟန်မှ မူဆယ်သို့ တရားမဝင်ရောက်ရှိနေသော တရုတ်နိုင်ငံသားလေးဦးကို ရှာမတွေ့သေး

ဝူဟန်မှ မူဆယ်သို့ တရားမဝင်ရောက်ရှိနေသော တရုတ်နိုင်ငံသားလေးဦးကို ရှာမတွေ့သေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇။             ။ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှ  မူဆယ်သို့ တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသားလေးဦးကို ၎င်းတို့ရောက်ရှိနိုင်မည့်နေရာများနှင့် မြို့နယ်ကျေးရွာအသီးသီးတွင် မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းရှာဖွေနေပြီး မတွေ့ရှိရသေးကြောင်း မူဆယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက မဇ္ဈိမကို ပြောသည်။

ဦးစိုင်းကျော်သိန်းက “တကယ်လို့ ဝင်လာမယ်ဆိုရင်တောင် မြန်မာနိုင်ငံထဲကို   ခိုးဝင်တဲ့ အပေါက်ကနေပြီးတော့ ခိုးဝင်လာတာပဲ ဖြစ်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တရားဝင်အပေါက်က မူဆယ်မှာရှိတဲ့ သုံးပေါက် အပြင် တစ်ခြားမှာလည်း တရားဝင်ဝင်တဲ့ စာရင်းဇယားမရှိဘူး။ သူတို့ပေးတဲ့ နာမည်နဲ့ ရှာတာမတွေ့ရဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံထဲ ရောက်လား၊ မရောက်လားကလည်း တရားသေပြောလို့မရဘူး။

သူတို့နိုင်ငံမှာ မတွေ့လို့ ကျွန်တော်တို့ဆီ ရောက်နေသလားဆိုတဲ့ ပုံစံမျိုးပေါ့။ လက်ရှိမှာ ရှာဖွေနေတုန်းပါ။ အဲ့တော့ ကျွန်တော်တို့ ဒီက မြို့နယ်မှူးရယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်ကို လှမ်းမေးတဲ့ အချိန်မှာ ဒီဘက် မြန်မာနိုင်ငံက ကျေးရွာတွေ၊ သူတို့ ရောက်ရှိနိုင်မယ့် ကျေးရွာတွေ၊ ရပ်ကွက်တွေကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို သတင်းပို့ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်”ဟု ပြောသည်။

ဝူဟန်မြို့မှ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ တရုတ်နိုင်ငံသား ငါးဦးသည် ရွှေလီမြို့မှတစ်ဆင့် မူဆယ်မြို့သို့ ရောက်ရှိနေကြောင်း တရုတ်အစိုးရက မြန်မာဘက်ကို အကြောင်းစာပေးပို့ခဲ့ခြင်းဖြစ်ပြီး ငါးဦးအနက်မှ တရားဝင် ဝင်ရောက်လာသော အမျိုးသမီးတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသမီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးခဲ့ရာ ဖျားနာမှုမရှိကြောင်းနှင့် မနေ့က ( ဖေဖော်ဝါရီ ၆) ရက်နေ့တွင် တရုတ်အစိုးရဘက်ကို လွှဲပြောင်းပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ဦးစိုင်းကျော်သိန်းက “ အဲ့ဒီငါးယောက်ထဲက အမျိုးသမီးတစ်ယောက်က  ကြူကုတ်(ပန်ဆိုင်း)က လူနဲ့ အိမ်ထောင်ကျတယ်။ နောက်သူဝင်လာတဲ့နေ့က ကျွန်တော်တို့ သိရသလောက် ဇန်နဝါရီလ ၁၆ ရက်နေ့ကပေါ့၊ အဲ့တော့နှစ် ပတ်ကျော်သွားပါပြီ။ အခုသူ့ကို ရှာဖွေတွေ့ရှိပြီးတော့ ကျန်းမာရေးစစ်ဆေးတဲ့အချိန် သူ့မှာဖျားနာတာလည်း မရှိဘူးပေါ့။ မရှိပေမယ့်လည်း တရုတ်အစိုးရက ကြေညာထားတဲ့အတွက် အဲ့ဒီလူကိုတော့ မနေ့ကပဲ တရုတ်အစိုး ရဘက်ကို လွှဲပေးပြီးပါပြီ”ဟု ပြောသည်။

အဆိုပါသတင်းအတွက် မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း တာဝန်ရှိသူများ အစည်းအဝေးတက်နေသောကြောင့် မေးမြန်းနိုင်ခဲ့ခြင်း မရှိပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly