ဖေဖော်ဝါရီ ရ ရက်။ ။ ရွေ့ပြောင်းအလုပ်သမားအများစုနေထိုင်ရာ မြို့နယ်လေး ခုရှိ စက်မှုဇုန်နှင့် အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် လုပ်သား ၄၅၀ ဦးအား စစ်တမ်းကောက်ယူချက်အရ ၇၂ ရာခိုင်နှုန်းခန့်မွာ မှတ်ပုံတင်လိုအပ်နေ ပြီး ၂၃ ရာခိုင်နှုန်းက မဲထည့်နိုင်ရန် အိမ်ထောင်စုဇယား လိုအပ်နေကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရွှေ့ပြောင်းလုပ်သား မဲဆန္ဒရှင်များ၏ သဘောထားဆိုင်ရာ ကနေဦး စစ်တမ်းကို အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့်Association for Labor Development Organization ( ALD ) ၊ Friendly Child Organization ၊ Metta Mon Organization နှင့် Women Lead Resource Centre ( WLRC) New Myanmar Foundation တို့က ပူးပေါင်းပြီး ကောက်ယူခဲ့ခြင်း ဖြစ်သည်။
Association for Labor Development Organization ( ALD ) မှ ဒါရိုက်တာ ဒေါ်မာမာဦး က “ ဒီမှာက မဲစပေးမယ့် ရွှေ့ပြောင်းလုပ်သားတွေက မှတ်ပုံတင်မရှိတာ ။ ဒီလို့အခက်အခဲကို ရွေး ကောက်ပွဲ ကော်မရှင် ၊ သက်ဆိုင်ရာ ရပ်ကွက်က မဲရုံမှူး ၊ ရ.ဝ.က ၊ အလုပ်ရှင်တို့က မဖြေရှင်းဘူးဆိုရင် ဒီအလုပ်သမားတွေ ရဲ့မဲက ရနိုင်ဖို့ အင်မတန်မှ နည်းသွားမယ်။ ဒီအခက်အခဲပြေလည်အောင် ဆိုက်ရောက်နေထိုင်တဲ့ ဒေသတွေမှ မဲပေးနိုင်ဖို့ အခွင့်အလမ်းတွေ လိုအပ်တယ်။ ဒါဟာ ရွေးကောက်ပွဲကော်မရှင် ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေက ဖြေရှင်းပေးဖို့က အဓိက အချက်တစ်ခု ဖြစ်တယ်။''ဟု ပြောသည်။
အဆိုပါ စစ်တမ်းကို ရွှေ့ပြောင်းလုပ်သားများ အများဆုံး ရှိသည့် တောင်ဒဂုံ ၊ လှိုင်သာယာ ၊ ရွှေလင်ဗန်း ၊ ရွှေပြည်သာ စက်မှုဇုန်နှင့် အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် ရွေ့ပြောင်းလုပ်သား ၄၅၀ ဦးကိုကျပန်းရွေးချယ်ကာစစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။
ရွှေ့ပြောင်းလုပ်သား ၅၅ ရာခိုင်နှုန်းက လက်ရှိအလုပ်လုပ်ကိုင်နေသည့် နေရပ်တွင်သာ ဆန္ဒမဲပေးချင်ပြီး ကျန်တဲ့ ၄၅ ရာခိုင်နှုန်းခန့်က မူလနေထိုင်ရာ ဒေသတွင်သာ ဆန္ဒမဲပေးချင်ကြောင်း စစ်တမ်း တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ လာရောက်လုပ်ကိုင်သူ ရွေ့ပြောင်းလုပ်သားများသည် ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ မကွေးတိုင်း နှင့် ပဲခူးတိုင်းတို့က အများဆုံး ပါဝင်ကြောင်းသိရသည်။
ရွှေ့ပြောင်းလုပ်သားများအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် အခွင့်အရေးမဆုံးရှုံးအောင် ကိုင်ဆောင်လက်မှတ် ( မှတ်ပုံတင် ) ရရှိရေး နှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများ နှင့် ချိတ်ဆက်ကာ ဆောင်ရွက်လုပ်ကိုင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ .ဝ. က ) ရုံး ၊ တိုင်းဦးစီးမှူး ဦးစောနိုင် ကပြောသည်။
“ အားလုံး မဲပေးခွင့် မဆုံးရှုံးစေဖို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မူဝါဒချပေးမယ့် အနေအထားတစ်ခုကတော့ ရှိပါတယ်။ ဒီအပေါ် ကျွန်တော်တို့ကလည်း ကြိုးစားပြီး အကောင်အထည်ဖော်ပေးရမှာပေါ့ ။''ဟု၎င်းက ပြောသည်။
အိမ်ထောင်စုစာရင်းလုပ်ချင်သူများအနေဖြင့် တရားဝင်အိမ်ထောင်စုစာရင်းဖြစ်စေ ၊ ယာယီအိမ်ထောင်စုစာရင်းဖြစ်စေ ပထမဆုံးလုပ်ဆောင်ရမည်ဖြစ်ပြီး မှတ်ပုံတင်အခြေခံက အိမ်ထောင်စုစာရင်း ရှိသည့်မြို့နယ်တွင် ကိုင်ဆောင်လက်မှတ်လုပ်ရမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ၊ သြဂုတ်လမှ စတင်ပြီး ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ်အတွင်း စက်ရုံအလုပ်ရုံများ သို့ ကွင်းဆင်းကာ ရွှေ့ပြောင်းလုပ်သားများ ကိုင်ဆောင်လက်မှတ်( မှတ်ပုံတင် ) ရရှိရေးစီမံချက် အဖြစ် ရွှေ့ပြောင်းအလုပ်သမား ၁ သောင်းဝန်းကျင်ကို ဆောင်ရွက်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လဝက ရုံး ထံမှ သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ နှင့် ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အကြိုကာလအတွင်း အထူးစီမံချက်အနေဖြင့် နိုင်ငံတစ်ဝန်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ပြီး အချိန်တိုအတွင်း လုပ် ခဲ့ခြင်းကြောင့် မမှန်မကန် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူတွေ ရှိခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့် လူစွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခဲ့သော ရွှေ့ပြောင်းလုပ်သားများမှာ ၅၉ ရာခိုင်နှုန်း ရှိကြောင်း နှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူပေါင်း ( ၉.၃၉ ) သန်းရှိပြီး ပြည်ပရွှေ့ပြောင်းနေထိုင်သူပေါင်း အစိုးရ၏ ခန့်မှန်ခြေအရ ( ၄.၂၅ )သန်း ရှိနေကြောင်း သိရသည်။