ရန်ကုန်မြို့မှ ပဲခူးဟံသာဝတီလေဆိပ်သို့ဆက်မည့် အထပ်မြင့်အမြန်လမ်း အဆိုပြုထား

ရန်ကုန်မြို့မှ ပဲခူးဟံသာဝတီလေဆိပ်သို့ဆက်မည့် အထပ်မြင့်အမြန်လမ်း အဆိုပြုထား

အောက်တိုဘာ ၂၉ ရက် ။              ။ စီးပွားရေးမြို့တော် ရန်ကုန်မှ အပြည်ပြည်ဆိုင်ရာ ပဲခူးဟံသာဝတီလေဆိပ်သို့ ဆက်သွယ်မည့် အထပ်မြင့် အမြန်လမ်းမကြီးစီမံကိန်း ကနဦးအဆိုပြုချက်ကို   ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြထားသည်ဟု သိရသည်။

အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် တန်ဖိုးရှိသည့် ယင်းစီမံကိန်း ကနဦး (ပထမအဆင့်) တင်ပြချက်ကို ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံ ရင်းနှီ မြှုပ်နှံမှု ကုမ္ပဏီကြီးများ တင်ပြခြင်းဖြစ်ပြီး   ဆောက်လုပ်ရေးဝန်ကြီးဌာနက လေ့လာသုံးသပ် ညှိနှိုင်းမှုများ ဆောင်ရွက်နေသည်ဟုလည်း နိုင်ငံပိုင်သတင်းစာက ဖော်ပြထားသည်။

ပထမအဆင့် အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ရေကျော်လမ်းဆုံအလွန်မှ မင်္ဂလာဒုံဥယျာဉ် စက်မှုမြို့အထိ ၂ဝ ဒသမ ၅ ကီလိုမီတာ အရှည်ရှိသော လေးလမ်းသွားတံတား ပထမအဆင့်အဖြစ် တည်ဆောက်ပြီး ဒုတိယအဆင့်အဖြစ် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေဆိပ် (ပဲခူး) အထိ ဆက်သွယ်ရန် လျာထားသည်။

တည်ဆောက်ရေးကာလကို ငါးနှစ်ဟု အဆိုပြုထားသော စီမံကိန်း လမ်းကြောင်းအနေဖြင့် ဗိုလ်ချုပ်လမ်းတွင် ရေကျော်လမ်းဆုံအလွန်မှစ၍ ပုဇွန်တောင်လမ်းမကြီးအတိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကိုဖြတ်ပြီး သုဝဏ္ဏတံတားလမ်းဆုံ သို့ ဦးတည်ကြောင်း သိရသည်။

သုဝဏ္ဏလမ်းဆုံသို့ မရောက်မီ မြန်မာ့ဂုဏ်ရောင်အိမ်ရာအနီးတွင် ရန်ကုန်-မန္တလေး ရထားလမ်းကိုအပေါ်မှဖြတ်ကျော်ပြီး အမျိုးသားအားကစားရုံနှစ်ခုကြားမှဝင်၍ ဝေဇယန္တာလမ်းနှင့် ဆက်မည်ဖြစ်သည်။

လမ်းတစ်လျှောက် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့နယ်များကို ဖြတ်သွားပြီးနောက် အောင်မင်္ဂလာ အဝေးပြေးဂိတ် အလွန်၌ မင်္ဂလာဒုံဥယျာဉ်စက်မှုမြို့တွင် အဆုံးသတ်မည်ဖြစ်သည်။

လမ်းခွန်ကောက်မည့် နေရာကို သုံးနေရာရှိမည်ဖြစ်ပြီး တံတားပေါ် အတက်/အဆင်းနေရာ ၁၅ နေရာရှိမည်ဟုဆိုသည်။ လမ်းခွန် ကနဦးနှုန်းထားကို အပိုင်း (၃) ပိုင်းတွင် (၁) ပိုင်းစီအတွက် ယာဉ်တစ်စီးလျှင် အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှ သည့် ငွေကောက်ခံရန် လျာထားပြီး လမ်းအစအဆုံး ဖြတ်သန်းပါက စုစုပေါင်း သုံးဒေါ်လာ ကျမည်။ အတက်အဆင်း အတွက် အမေရိကန် ၁ ဒေါ်လာနှုန်းကောက်ခံမည်ဟု တင်ပြထားသည်။

ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ Yooshin ကုမ္ပဏီမှ စီမံကိန်းဖြစ်မြောက်နိုင်ရေးအကြိုလေ့လာမှု ဆောင်ရွက်ခဲ့ပြီး ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံတည်ဆောက်ရေးကုမ္ပဏီများဖြစ်သည့် Lotte E & C နှင့် Halla Corporation၊ မြန်မာနိုင်ငံမှ Capital Diamond Star Group (CDSG) ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပါဝင်ကာ Operator အဖြစ် Korea Expressway Corporation မှ ဆောင်ရွက်မည်ဟု သိရသည်။

စီမံကိန်းအမည်မှာ Yangon Urban Expressway Development Project ဖြစ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) က ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးစီမံချက်မှ ရန်ကုန်မြို့တွင်းပတ်လမ်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဆောင်ရွက်ရမည့် စီမံကိန်းလည်း ဖြစ်သည်။

ကုန်ကျငွေ၏ ၂ဝ ရာခိုင်နှုန်းဟု လျာထားသည့် နိုင်ငံတော်ထည့်ဝင်ငွေအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း (ODA Loan) ဖြင့် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူနိုင်ရေး ဆောင်ရွက်မည်ဟုလည်း သိရသည်။

Ref; The Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required