စပိန်ဘုရင့်ဖလားပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရတဲ့ လာလီဂါရဲ့ဘီလူးကြီး နှစ်ကောင်

စပိန်ဘုရင့်ဖလားပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရတဲ့ လာလီဂါရဲ့ဘီလူးကြီး နှစ်ကောင်
Photos: EPA

‘ကျနော်တို့ ပြိုင်ဘက်ကို ချီးကျူးဂုဏ်ပြုရမယ်။ ပြီးတော့ အရှုံးကိုလည်း လက်ခံရမယ်။’ - ဇီဒန်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေ အပြီးမှာ ထွက်ပေါ်ခဲ့ကြတဲ့ရလဒ်တွေကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့မယ်ဆိုတာ အမှန်ပါပဲ။

အကြောင်းကတော့ လာလီဂါရဲ့ ဘီလူးကြီးနှစ်ကောင်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ရော၊ ဘာစီလိုနာရော နှစ်သင်းစလုံး တစ်ညတည်းမှာတင် ပြိုင်ဘက်တွေရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး ပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရတာကြောင့်ပါပဲ။

ရီးယဲလ်မက်ဒရစ် ၃-၄ ဆိုစီဒက်

ရီးယဲလ်မက်ဒရစ်-ဆိုစီဒက် ပွဲစဉ်မှာ ရီးယဲလ်ကနေ အငှားနဲ့ လာကစားနေတဲ့ အော်ဒီဂါတ်က ဆိုစီဒက်အသင်းအတွက် အဖွင့်ဂိုးကို (၂၂) မိနစ်မှာ သွင်းယူခဲ့ပြီး ဆွီဒင်တိုက်စစ်မှူး အီဆက်က (၅၄) နဲ့ (၅၆)မိနစ်တွေမှာ (၂)ဂိုးဆက်တိုက် သွင်းယူခဲ့ပါတယ်။

အိမ်ကွင်း ဘာနေဗျူးမှာ ခံစစ်ပိုင်း အားနည်းနေတဲ့ ရီးယဲလ်ဟာ (၃)ဂိုးပြတ်အရှုံးကနေ လိုက်ကစားခဲ့ရပြီး မာဆယ်လို၊ ရိုဒရီဂိုနဲ့ နာချိုတို့က (၅၉၊ ၈၁၊ ၉၀+၃)မိနစ်တွေမှာ (၃)ဂိုးပြန်သွင်းခဲ့ပေမယ့် ဘယ်လိုမှ ပြန်လာနိုင်ခြင်း မရှိတော့ပါဘူး။  ဆိုစီဒက်အတွက် နောက်ဆုံးဂိုးကို (၆၉)မိနစ်မှာကတည်းက မာရီနိုက သွင်းယူခဲ့တာကြောင့် နောက်ဆုံးမှာတော့ (၃-၄)ဂိုးရလဒ်နဲ့ အိမ်ကွင်းမှာ ရီးယဲလ်တို့ လက်မြှောက်ခဲ့ရပါတယ်။

ဇီဒန်းရဲ့ အသင်းဟာ လာလီဂါဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး (၂၂)ပွဲမှာ (၁၃)ဂိုးသာ ပေးခဲ့ရတာမို့ အကောင်းဆုံးခံစစ်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့ဟာ ဒီပွဲမတိုင်ခင်က (၂၁)ပွဲဆက် ရှုံးပွဲမရှိတဲ့ အသင်းပါ။

ဇီဒန်းလက်ထက် ရီယဲလ်ကို (၂)ကြိမ်ကိုင်တွယ်ခဲ့တဲ့အတွင်း ပွဲပေါင်း (၁၉၀)ကျော်မှာ (၄)ဂိုးအပေးခံခဲ့ရတာဟာ ဒါက ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်။

"ဒီရှုံးပွဲကြောင့် နာကျင်ရပါတယ်။ ကျနော်တို့ ရိုးရိုးသားသားပြောရရင် ဒီလိုမျိုး ဘယ်သူကမှ အလဲမထိုးခဲ့ဖူးပါဘူး။"လို့ ဇီဒန်းက ပွဲအပြီးမှာ ပြောပါတယ်။

"၁-၄ ဂိုးဆိုတဲ့ အရှုံးရလဒ်ကနေ ကျနော်တို့ အဆုံးစွန်းထိအောင် တိုက်ပွဲဝင်ခဲ့တယ်။ ဒါပေမယ့် ဒါက မဖြစ်နိုင်တော့ဘူးလေ။"

"ကျနော်တို့ ပြိုင်ဘက်ကို ချီးကျူးဂုဏ်ပြုရမယ်။ ပြီးတော့ အရှုံးကိုလည်း လက်ခံရမယ်။"

ဘီလ်ဘာအို ၁-၀ ဘာစီလိုနာ

မက်ဆီရဲ့ ဘာစီလိုနာလည်း ဆန်မာမီးစ်ကွင်းမှာ ရုန်းကန်ခဲ့ရပြီး ရီးယဲလ်မက်ဒရစ်ရဲ့ လမ်းကြောင်းအတိုင်း လျှောက်ခဲ့ပါတယ်။ တစ်ဖက်သတ်အနေအထားမျိုးနဲ့ ဖိအားပေး အသာစီးယူကစားနိုင်ခဲ့ပေမယ့် ဘီလ်ဘာအိုရဲ့ မာကျောတဲ့ ကစားပုံကြောင့် မက်ဆီဦးဆောင်တဲ့ ဘာကာ တိုက်စစ်ဟာ ဂိုးပေါက်ကို ရှာတွေ့ခြင်း မရှိခဲ့ပါဘူး။

ဒီပွဲရဲ့ ရလဒ်အဖြေကိုတော့ နာကျင်အချိန်ပို (၃)မိနစ်မှာ စပိန်တိုက်စစ်မှူး အီနာကီ ဝီလျံစ်ရဲ့ ခေါင်းတိုက်သွင်းယူတဲ့ ဂိုးက ဆုံးဖြတ်ပေးခဲ့တာပါ။

ဒါ့ကြောင့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရီးယဲလ်ရော၊ ဘာစီလိုနာပါ နှစ်သင်းစလုံး မပါဝင်တဲ့ စပိန်ဘုရင့်ဖလားဗိုလ်ဖြစ်သွားခဲ့ပါပြီ။

ဒါ့အပြင် အသင်းကြီးတွေလို့ ပြောလို့ရတဲ့ ဗလင်စီယာ၊ ဗီလာရီးယဲလ်တို့ပါ ထွက်ခွာသွားခဲ့ပြီးဖြစ်တာကြောင့် ဂရန်နာဒါ၊ မီရန်ဒက်စ်၊ ဆိုစီဒက်နဲ့ ဘီလ်ဘာအိုတို့ အပြိုင်လုကြရတော့မယ့် စပိန်ဘုရင့်ဖလားပဲဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly