မတည်ငြိမ်မှုများအတွင်း ဆယ်ကျော်သက်တစ်ဦး သေဆုံးပြီးနောက် ပါလက်စတိုင်းနဲ့ အစ္စရေးလုံခြုံရေးတပ်တွေ ထိပ်တိုက်တွေ့

မတည်ငြိမ်မှုများအတွင်း ဆယ်ကျော်သက်တစ်ဦး သေဆုံးပြီးနောက် ပါလက်စတိုင်းနဲ့ အစ္စရေးလုံခြုံရေးတပ်တွေ ထိပ်တိုက်တွေ့

ဖေဖော်ဝါရီ ၇။         ။ အနောက်ဖက်ကမ်းမြောင်ဒေသ ဟီဘရွန်းမြို့မှာ မတည်ငြိမ်မှုတွေအတွင်း ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၇ ရက်မှာပဲ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရေရှည်စောင့်ဆိုင်းနေတဲ့ ၎င်းရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအဆိုပြုချက်ကို ထုတ်ပြန်လိုက်ပြီးနောက်မှာ အနောက်ဖက်ကမ်းမြောင်ဒေသမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာတော့တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ အစ္စရေးကို ဘက်လိုက်ထားတယ်ဆိုပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာကတည်းက အစ္စရေးတပ်တွေဟာ လုံခြုံရေးတပ်လှန့်အနေအထားနဲ့ ရှိနေခဲ့တာပါ။

ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ဂျီနင်းမြို့က ထိပ်တိုက်တွေ့မှုအတွင်း အသက် ၁၉ နှစ် ပါလက်စတိုင်း လူငယ်တစ်ဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့ပါတယ်။ ဒီမတိုင်ခင် ဖေဖော်ဝါရီ ၅ ရက်မှာလည်း ဟီဘရွန်းမြို့က ထိပ်တိုက်တွေ့ မှုမှာ ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦး ပစ်သတ်ခံရကာ သေဆုံးခဲ့ပါတယ်။

ထရမ့်ရဲ့ အငြင်းပွားဖွယ် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို လက်တွေ့ကျကျ ဆန့်ကျင်တာအဖြစ် ဖေဖော်ဝါရီ ၆ ရက်က ဂျေရုဆလင်မှာ ကားတစ်စီးနဲ့ လိုက်တိုက်လို့ အစ္စရေးတပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကို ဟားမတ်စ်အဖွဲ့က ချီးကျူးထောပနာပြုခဲ့ပါတယ်။

၂၀၀၈ ခုနှစ်ကစတင်ပြီး အစ္စရေးနဲ့ တိုက်ပွဲ သုံးကြိမ်တိုင် ဖြစ်ပွားခဲ့တဲ့ ပါလက်စတိုင်း အစ္စလာမ္မစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ကို ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က အကြမ်းဖက်အဖွဲ့အဖြစ် နာမည်ပျက်စာရင်း သွင်းထားတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly