အေတီအမ်စက်များတွင် ထုတ်သည့်ငွေအပြည့်အဝမရရှိခြင်းများ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများလာ

အေတီအမ်စက်များတွင် ထုတ်သည့်ငွေအပြည့်အဝမရရှိခြင်းများ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများလာ

ဖေဖေါ်ဝါရီလ ၆ ။             ။ အေတီအမ်စက်များတွင် ထုတ်သည့်ငွေအပြည့်အဝမရရှိခြင်းနှင့် ကဒ်ထဲမှ ငွေဖြတ်သွားသော်လည်း ငွေမ ရရှိခြင်းများအတွက် စာသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားမှုများပြား လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်း ကပြောသည်။

 စားသုံးသူရေးရာဦးစီးဌာနသို့ အေတီအမ်ကဒ်သုံးစွဲသူများမှ အေတီအမ်စက်များ အသုံးပြုရာတွင် အဆင်မပြေမှုများကို တိုင်းကြားမှု တဖြည်းဖြည်းများပြားလာကြောင်း ရန်ကုန်မြို့တွင် တိုင်ကြားမှု ပေါင်း၂၀ ကျော်လာပြီဖြစ်ကြောင်းသိရသည်။

 “ ထုတ်တဲ့ငွေပမာဏအပြည့်မရဘူး။ ထုတ်တဲ့အခါမှာလည်း ငွေကတော့ ဖြတ်သွားပြီ။ ကဒ်ထဲကတော့ ထုတ်တဲ့ ပမာဏာကိုဖြတ်သွားတယ်။ ပိုက်ဆံမရဘူး။ ထုတ်တဲ့အခါမှာလည်း ကဒ်က ညှပ်နေတယ်။ သုံးတဲ့သူက ကိုယ့်ရဲ့ ကဒ်ကို အမြဲတမ်းသုံးချင်တယ်။ ဘဏ်ရဲ့လုပ်ထုံးလုပ်နည်းကလည်း ကဒ်ကပြန်ပေးဖို့ဆိုရင် အဆင့်ဆင့်လုပ်ရတဲ့ အခါကျတော့ ကြာတယ်။ အဲဒီအပေါ်မှာ စားသုံးသူက သူ့ကဒ်ကို မသုံးရလို့ ကျေနပ်မှုမရှိလို့ တိုင်တာပေါ့’’ဟု ဦးမင်းသိန်း ကပြောသည်။

 ပြည်ပနိုင်ငံတွေက ငွေလွှဲရာမှာ လွှဲတုန်းက ငွေပမာဏနဲ့ မြန်မာပြည်က လူကထုတ်တဲ့အခါ ပမာဏကွာတဲ့အတွက် တိုင်ကြားမှုတွေ ရှိလာကြောင်းလည်းသိရသည်။

စားသုံးသူများမှ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားခြင်းခံရသည့် လုပ်ငန်းရှင်၊ တိုင်ကြားသူတို့ကို ခေါ်ယူကာ စားသုံးသူရေးရာဦးစီးဌာနတွင်ခေါ်ယူဖြေရှင်းစေပြီး ပြေလည်ပါက အမှုပိတ်သိမ်းခြင်း ဆောင်ရွက်ကာ ပြေလည်မှုမရပါက တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသည့် စားသုံးသူရေးရာ ကော်မတီ၏ အဆုံးအဖြတ်ကို ရယူကြောင်း ၎င်းကပြောသည်။

 CB ဘဏ် ကဒ်ဌာန မှ ဌာနမှူး ဦးဇေယျာအောင်က“ အကောင့်ထဲက ပိုက်ဆံဖြတ်တယ်။ ပိုက်ဆံထွက်မလာဘူး။ ဝန်ဆောင်ခက များနေတယ်။ အတိုးနှုန်းက များနေတယ် တောက်လျှောက်ကတော့ တိုင်ကြားမှုတွေရှိနေတယ်။ ဦးစီးဌာနကတော့ သုံးစွဲသူနဲ့ တွေ့ပြီး ဖြေရှင်းခိုင်းတာများတယ်။ သုံးစွဲသူရဲ့ အကောင့်ထဲက ပိုက်ဆံဖြတ်သွားရင်လည်း သုံးစွဲသူကို ဆက်သွယ်တယ် ဘာဖြစ်တယ်ဆိုတာ စစ်တယ်။ တကယ်ပဲ အကောင့်ထဲက ဖြတ်သွားပြီဆိုရင် ပိုက်ဆံမရဘူးဆိုရင် ကျွန်တော်တို့က ချက်ချင်းဖြေရှင်းပါတယ်” ဟု မဇ္ဈိမသို့ပြောသည်။

စားသုံးသူများအနေဖြင့် ယခင်က  ကုန်ပစ္စည်းအတွက်သာ တိုင်ကြားသော်လည်း နောက်ပိုင်းတွင် ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး တိုင်ကြားမှု ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

စားသုံးသူတစ်ယောက်မှ ဆုံးရှုံးမှုနစ်နာမှုများအတွက် စားသုံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားပါက လုပ်ငန်းရှင်နှင့်စားသုံးသူတို့ ဖြေရှင်းစဉ်ကာလအတွင်း လုပ်ငန်းရှင်မှဖြစ်စေ၊ စာသုံးသူမှဖြစ်စေလူမှုကွန်ယက်ကိုအသုံးပြုကာ အွန်လိုင်းတွင် တင်လိုက်ပါက ဌာနအနေဖြင့် ဖြေရှင်းမှုများ ပြုလုပ်ပေးသွားမှာမဟုတ်ကြောင်း စာသုံးသူရေးရာကာကွယ်ရေး ဥပဒေတွင် ပါရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly