ရန်ကုန်တွင် တရားမဝင်ဈေးပေါင်း ၁၃၃ ဈေးဖွင့်လှစ်နေ

ရန်ကုန်တွင် တရားမဝင်ဈေးပေါင်း ၁၃၃ ဈေးဖွင့်လှစ်နေ

ရန်ကုန် ဖေဖော်ဝါရီ ၆ ရက်။               ။ ရန်ကုန်မြို့တွင် အစိုးရက အခွန်မရဘဲ တရားမဝင် ပျံကျဖွင့်လှစ်နေသည့် ဈေးပေါင်း ၁၃၃ ဈေးထိရှိနေကြောင်း ၂၀၁၇-၂၀၁၈ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရသည်။

အဆိုပါ တရားမဝင်ဈေးများသည် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ၆၅ ဈေး၊ အနောက်ပိုင်းခရိုင် နှင့် တောင်ပိုင်းခရိုင်တွင် ၁၅ ဈေးစီနှင့် အရှေ့ပိုင်းခရိုင်တွင် ၃၈ ဈေးထိဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ‘’ တကယ်ကဒီလိုဈေးတွေကဥပဒေအရဆိုရှိကိုမရှိရမှာတကယ့်က အသစ်ထွက်ထားတဲ့ စည်ပင်ဥပဒေကတကယ့်ကိုကောင်းတယ် အဲဒီဥပဒေအတိုင်း လိုက်မလုပ်နိုင်ဘူးဖြစ်နေတာ၊ အခုတော့ စာရင်းစစ်ချုပ်ကထောက်ပြလာတာပေါ့၊ တကယ့်လည်းမြေပြင်မှာဈေးတွေကအများကြီးပဲရှိနေတာပဲ၊ ‘’ ဟုပြောသည်။

ထိုကဲ့သို့ တရားမဝင်ဈေးများတွင် လာရောက်ရောင်းချကြသည့် ဈေးသည်များသည် အခွန်အခပေးဆောင်ရမှုနည်းပါးခြင်း၊ ရပ်ကွက်နေပြည်သူများ ဝယ်ယူမှုများပြားခြင်းတို့ကြောင့် လာရောက် ရောင်းချရာမှာတစ်ဆင့် ဈေး ကြီးများသဖွယ်ဖြစ်နေသည့် ဈေးများလည်းရှိနေကြောင်းရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံကသိရသည်။

ပျံကျဈေးအများစုရှိနေသည့် အင်းစိန်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ‘’ ဈေးကောက်ကတော့ စည်ပင်ကမကောက်ဘူးလေ၊ Local အဖွဲ့အစည်းကတော့ သန့်ရှင်းရေးခွန်တွေ ဘာတွေကိုအ ဖွဲ့ဖွဲ့စည်းပြီးကောက်တာတော့ ရှိတယ်၊ ဘာလို့လည်းဆိုတော့ စွန့်ပစ်အမှိုက်တွေကရှိတယ်၊ ဒါပေမယ့် စည်ပင်နဲ့ အုပ်ချုပ်ရေးပိုင်းကကောက်တာတော့ မဟုတ်ဘူး၊ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပေါ့၊ ‘ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ကွပ်ကဲမှုအောက် တွင်မရှိသည့် အချို့ပျံကျဈေးများအားရပ်ကွက်နေပြည်သူများမှ တိုင်ကြားမှုများလည်းရှိနေကြောင်းတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံကသိရသည်။

ပျံကျဈေးတွေကိုလုံးဝဖျက်သိမ်းတာထက်စာရင် တရားဝင်ဈေးဖြစ်အောင်လုပ်ဆောင်ပေးဖို့နဲ့ သွားလာ၇လွယ်ကူတဲ့ နေရာမျိုးမှာ ဈေးတွေဆောက်လုပ်နိုင်အောင်စဉ်း စားသင့်တယ်လို့ လည်းရန်ကုန်တိုင်းဒေသကြီး စာရင်း  စစ်ချုပ်အစီရင်ခံစာအားလေ့လာဆန်းစစ်မှုပြုလုပ်နေသည့် Ananda မှ ဒါရိုက်တာကိုထင်ကျော်လင်းကအကြံပြုသည်။

 ‘’ ကျွန်တော်တို့ အနေနဲ့ကတော့ နောက်ပိုင်းဈေးတွေ ဆောက်တော့မယ်ဆိုရင် တကယ့်ဈေးရောင်းချလို့ ကောင်းမဲ့နေရာတွေမှာအကောင်အထည်ဖော်စေချင်တယ်၊ အခုဟာကအစိုးရပိုင်းကနေပြီးသူတို့ အလျဉ်းသင့်တဲ့နေရာ တွေမှာပဲဆောက်တဲ့သဘောဖြစ်နေတယ်၊‘’ ဟု၎င်းကပြောသည်။

ပျံကျဈေးတွေကို တရားဝင်ဈေးဖြစ်အောင်စနစ်တကျဖော်ထုတ်ကာ အခွန်အခတိုးမြင့်ရရှိအောင်ပြန်လည်စိစစ်ဆောင်ရွက်ရန်လိုအပ်တယ်လို့လည်း တိုင်းစာရင်းစစ်ချုပ်ကထောက်ပြထားကြောင်းသိရသည်။

၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေဈေးများဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ ၃၂၀(က)တွင် မြို့ တော်နယ်နမိတ်အတွင်းကော်မတီကခွင့်ပြုထားသောဈေးများမှအပအခြားနေရာများတွင် ဈေးတည်ထောင် ဖွင့်လှစ်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါကငွေဒဏ် ကျပ်တစ်သောင်းမှ ငွေ ဒဏ် ကျပ်ငါးသောင်းထိချမှတ်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly