တူရကီမှာ တောင်ပေါ်နှင်းထုပြိုကျမှုတွေကြောင့် လူ ၄၀ နီးပါး သေဆုံး

တူရကီမှာ တောင်ပေါ်နှင်းထုပြိုကျမှုတွေကြောင့် လူ ၄၀ နီးပါး သေဆုံး

ဖေဖော်ဝါရီ ၆။          . ။တူရကီနိုင်ငံအရှေ့ပိုင်းမှာ ယခုရက်ပိုင်းအတွင်း တောင်ပေါ်ကနေ နှင်းထုပြိုကျမှု ဖြစ်စဉ်နှစ်ခု ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူအယောက် ၄၀ ခန့် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်က တောင်ပေါ်နှင်းထုပြိုကျမှု ဖြစ်စဉ်တစ်ခု စဖြစ်ခဲ့ပြီး လူဒါဇင်နဲ့ချီ လိုက်ပါသွားတဲ့ မီနီဘတ်စ်ကားတစ်စီး နှင်းထုအောက် ပိမိဖုံးလွှမ်းခံလိုက်ရပါတယ်။

ယင်းနောက် ဖေဖော်ဝါရီ ၅ ရက်မှာ အဆိုပါ ကားကို ရှာဖွေကယ်ဆယ်ဖို့ ကယ်ဆယ်ရေးအဖွဲ့သားတွေ ထွက်ခွာသွားချိန်မှာ ဒုတိယမြောက် နှင်းထုပြိုကျမှု ဖြစ်စဉ် ထပ်ဖြစ်လို့ ကယ်ဆယ်ရေးသမားတွေအပါအဝင် လူ ၃၃ ယောက် သေဆုံးခဲ့ရပါတယ်။

အဆိုပါ ကယ်ဆယ်ရေးသမားတွေနဲ့ အရပ်သား စုစုပေါင်း ၃၃ ယောက်ရဲ့ အလောင်းတွေကို Van ပြည်နယ်မှာ ပြန်လည် တွေ့ရှိထားတယ်လို့ သိရပါတယ်။

ယခုအခါ ပထမနှင်းထုပြိုကျမှုကြောင့် ပိမိဖုံးလွှမ်းခံလိုက်ရတဲ့ ကားထဲမှာ ပါသွားသူတွေအနက် ငါးဦး သေဆုံးသွားပြီဖြစ်ပြီး ကျန်ရှစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။

တချိန်တည်းမှာပဲ နှင်းထုပြိုကျပြီးနောက် ခုချိန်အထိ နှင်းထုအောက် ပိမိနေသူတွေလည်း ရှိနေဆဲဆိုပြီး ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြလျက်ရှိသလို ယင်းဖြစ်စဉ်တွေကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးတယ် လို့လည်း တူရကီကျန်းမာရေးဝန်ကြီး ဖာရက်တင် ကိုကာ က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required