ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဗဟိုချက် ဝူဟန်မှာ ဆေးရုံကုတင်တွေ အသည်းအသန် လိုအပ်လျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဗဟိုချက် ဝူဟန်မှာ ဆေးရုံကုတင်တွေ အသည်းအသန် လိုအပ်လျက်ရှိ
Photos: AFP

ဖေဖော်ဝါရီ ၆

ကိုရိုနာဗိုင်းရပ်စ်တင်ဖြစ်ပွားရာ ဝူဟန်မြို့မှာ တစ်နေ့တခြား ရောဂါကူးစက်ခံရသူ များပြားလာတဲ့အတွက် ဆေးကုသဖို့ မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတွေနဲ့ ကုတင်တွေ အသည်းအသန် လိုအပ်နေတယ်လို့  တရုတ်အာဏာပိုင်တွေကပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်အထိ တရုတ်ပြည်မကြီးမှာ ကိုရိုနာကြောင့် သေဆုံးသူဦးရေ ၅၆၀ ကျော်နဲ့ ကူးစက်ခံရသူပေါင်း ၂၈၀၀၀ ကျော်ရှိသွားပြီဖြစ်ကာ နိုင်ငံပေါင်း ၂၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး WHO ကလည်း ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ကူးစက်ခံရသူတွေထဲမှာ မွေးပြီး နာရီ ၃၀ မျှသာရှိသေးတဲ့ ကလေးငယ်တောင် ပါဝင်ပါတယ်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

အာဏာပိုင်တွေဟာ ဆေးရုံတစ်ရုံတည်ဆောက်ဖို့ တစ်က စခဲ့ရပြီး လူနာထောင်ပေါင်းများစွာကို နေရာချပေးဖို့ ပြည်သူပိုင်အဆောက်အအုံတွေကို ယာယီဆေးရုံအသွင်ပြောင်းခဲ့ပေမယ့် ကုတင်တွေ မလောက်မငှဖြစ်နေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Hu Lishan က ပြောပါတယ်။

ဆေးပစ္စည်းကိရိယာ ရှားပါးမှုတွေလည်းကြုံနေရပြီး တာဝန်ရှိသူတွေက ဝူဟန်မှာရှိတဲ့ တခြား ဟိုတယ်နဲ့စာသင်ကျောင်းတွေကိုပါ ကုသရေးစင်တာအဖြစ် ပြောင်းဖို့ လိုက်ကြည့်နေပါတယ်။

ဟူပေပြည်နယ်နဲ့ဝေးရာ မြို့ကြီးအတော်များများမှာလည်း ဗိုင်းရပ်စ်မကူးစက်နိုင်အောင် အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပါတယ်။ နိုင်ငံမြောက်ပိုင်း ရုရှားနယ်စပ်နဲ့နီးတဲ့ စက်မှုဇုန်အချက်အချာဒေသက လူသန်းပေါင်းများစွာကိုလည်း အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ကိုရိုနာပျံ့နှံ့ကူးစက်မှုကို ဟန့်တားနိုင်ဖို့ အမေရိကန်ဒေါ်လာ ၆၇၅ သန်း ( ယူရို ၆၁၃ သန်း) လိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) က ပြောပါတယ်။  ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်တို့ ဇနီးမောင်နှံတည်ထောင်ထားတဲ့ Bill and Melinda Gates Foundation ကလည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ မတည်မယ်လို့ ကတိကဝတ်ပြုထားပါတယ်။

လူပေါင်း ၃,၇၁၁ ဦး လိုက်ပါလာတဲ့  ဂျပန် အပျော်စီးသင်္ဘော Diamond Princess ပေါ်မှာလည်း ကိုရိုနာကူးစက်ခံရသူ ၁၀ ဦးတွေ့ရှိခဲ့ပြီး လိုက်ပါလာသူတွေကို ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ မရှိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒီနှစ် ဇူလိုင်မှာ စတင်ကျင်းတော့မယ့် တိုကျိုအိုလံပစ်ပွဲရဲ့ အမှုဆောင်အရာရှိချုပ်ကလည်း ပွဲအပေါ် ကိုရိုနာဗိုင်းရပ်စ် သက်ရောက်မှာကို ပွဲစီစဉ်သူတွေက စိုးရိမ်နေတဲ့အကြောင်း ပြောခဲ့ပေမယ့် စိတ်အေးအေးထားဖို့ တိုက်တွန်းခဲ့ပါတယ်။

အီတလီက အပြည်ပြည်ဆိုင်ရာလေယာဉ်ခရီးစဉ်တိုင်းမှာ စီးနင်းလိုက်ပါလာတဲ့သူတွေကို ကျန်းမာရေးအခြေအနေ စစ်ဆေးဖို့မှာထားသလို ဗီယက်နမ်ကလည်း တရုတ်ခရီးစဉ်တွေကို တားမြစ်တဲ့နိုင်ငံတွေထဲမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။  

ဟောင်ကောင်မှာလည်း ယခုသီတင်းပတ်အတွင်း ကိုရိုနာကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တရုတ်ပြည်မကြီးက ဝင်ရောက်လာတဲ့မည်သူမဆို ဇန်နဝါရီ ၈ ရက်ကစလို့  ရောဂါခြေချုပ် နှစ်ပတ်ထားမယ်လို့ ဆိုပါတယ်။

ရှန်ဟိုင်းမြို့ရဲ့ အနောက်တောင် ၁၇၅ ကီလိုမီတာ (မိုင် ၁၁၀) အကွာခန့်မှာရှိတဲ့ ဟန်ကျိုးမြို့က အလီဘာဘာရုံးချုပ်အနီးမှာလည်း လမ်းတွေပိတ်ဆို့ထားပြီး ကောင်းကင်မှာ ရဟတ်ယာဉ်တစ်စီးကလည်း ပျံဝဲစောင့်ကြည့်နေပါတယ်။ အဆောက်အအုံတွေကိုလည်း ပိတ်ထားကြပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ပစ္စည်းလိုက်ပို့တဲ့ deliverymen တွေသာ တွေ့ရပါတယ်။

ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးဒေသတွေမှာ လိုအပ်တာတွေထွက်ဝယ်ဖို့ တစ်အိမ်ထောင်ကို နှစ်ရက် တစ်ယောက်နှုန်းနဲ့သာ အပြင်ထွက်ခွင့်ပေးထားပါတယ်။ တာဝန်ရှိသူတွေကလည်း ဒေသခံတွေကို အပြင်မထွက်ကြဖို့၊ နှာခေါင်းစည်းတွေတပ်ဖို့၊ လက်ပုံမှန်ဆေးဖို့နဲ့ ဟူပေပြည်နယ်ကလာတဲ့လူရှိရင် သတင်းပေးဖို့ လော်စပီကာတွေနဲ့ လိုက်လံဆော်ဩလျက်ရှိပါတယ်။

ကျဲ့ကျန်းပြည်နယ် ထိုင်ကျို၊ ဝမ်ကျိုနဲ့နဲ့ နင်ဘိုမြို့ကြီးများမှာရှိတဲ့ လူဦးရေ ၁၈ သန်းခန့်ကိုလည်း အလားတူကန့်သတ်ချက်တွေနဲ့ သတိပေးထားပါတယ်။ စားသောက်ဆိုင်တွေဟာလည်း ဖေဖော်ဝါရီ ၅ ရက်ကစလို့ ပွဲတွေအတွက် ကြိုတင်မှာယူမှုတွေ လက်ခံတော့မှာ မဟုတ်ဘူးလို့  ဘေဂျင်းအာဏာပိုင်တွေက ပြောပါတယ်။

ဗိုင်းရပ်စ်ဟာ ဒီဇင်ဘာလက ဝူဟန်မြို့ တောရိုင်းတိရစ္ဆာန်တွေရောင်းချတဲ့ ဈေးကနေ စတင်ဖြစ်ပွားခဲ့ကာ ဇန်နဝါရီလ တရုတ်နှစ်သစ်ကူးအတွင်း ခရီးသွားလာသူများပြားတဲ့အတွက် လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ ယူဆရပါတယ်။

ရောဂါကူးစက်ပျံ့ပွားမှုကို ရင်ဆိုင်ဖြေရှင်းရာမှာ နိုင်ငံတော်လုံခြုံမှုက ပထမဦးစားပေးဖြစ်တဲ့အကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရောဂါအခြေအနေကို ကနဦးမှာ လျှော့ပေါ့တွက်မိတဲ့အတွက် ဟူပေအာဏာပိုင်တွေဟာ ဝေဖန်မှုတွေခံနေရပြီး ထိပ်ပိုင်းခေါင်းဆောင်တွေက ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ရာမှာ ချို့ယွင်အားနည်းချက်တွေရှိခဲ့တယ်လို့ ဝန်ခံပြီးတဲ့နောက် အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေက ကူးစက်ခံရသူအကြား သေဆုံးနှုန်းဟာ ၂ ရာခိုင်နှုန်းဝန်းကျင်သာရှိပြီး ၂၀၀၂-၂၀၀၃ က လူ ၈၀၀ ခန့်ကို သေစေခဲ့တဲ့ SARS ရောဂါကြောင့် သေနှုန်းထက် နည်းသေးတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရ တရုတ်ပြည်မကြီးနဲ့ လေယာဉ်ခရီးစဉ်တွေကို ဆိုင်းငံ့လိုက်ပြီးတဲ့နောက် ဘာလီမှာလည်း တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တွေ ထောင်နဲ့ချီပြီး သောင်တင်နေပါတယ်။ WHO က ခရီးသွားလာခွင့်တွေ မပိတ်ခိုင်းထားပေမယ့် နိုင်ငံတကာရဲ့ အခုလို လုပ်ရပ်တွေအပေါ် တရုတ်အစိုးရက မကျေမနပ်ဖြစ်လျက်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန်ကာလမှာ အမေရိကန်တို့အနေနဲ့ တရုတ်လူမျိုးခရီးသွားတွေကို တားမြစ်လိုက်တဲ့အပြင် လူတွေကို အထိတ်တလန့် ဖြစ်အောင် ရည်ရွယ်လုပ်ဆောင်နေတယ်ဆိုပြီး တရုတ်က စွပ်စွဲပြောဆိုလိုက်ပါသေးတယ်။ ထိတ်လန့်ကြောက်ရွံ့မှုက ဘယ်ဗိုင်းရပ်စ်ထက်မဆို ပိုမိုသေစေနိုင်ပြီး အချင်းချင်း ကူးစက်တတ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချောင်ယင် က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required