ဆားလင်းကြီးမြို့နယ် မြန်မာ-ယန်စီကော့ပါးလီမိတက်ရှိ Camp-3 တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခြင်းမရှိဟု တိုင်းကျန်းမာရေးဦးစီမှူး ပြော

ဆားလင်းကြီးမြို့နယ် မြန်မာ-ယန်စီကော့ပါးလီမိတက်ရှိ Camp-3 တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခြင်းမရှိဟု တိုင်းကျန်းမာရေးဦးစီမှူး ပြော
ပုံစာ-   ဇန်နဝါရီလ ၂၈ ရက်နေ့က မြန်မာ-ယန်စီကော့ပါးလီမိတက်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းဆောင်ရွက်စဉ်။  Photo - AungMay Yee

ဖေဖေါ်ဝါရီလ ၆ရက်။               ။ စစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့နယ် မြန်မာ-ယန်စီကော့ပါးလီမိတက်ရှိ Camp-3တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိကြောင်းနှင့် သံသယလူနာတစ်ဦးမှ မရှိကြောင်းစစ် ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောသည်။

ဖေဖေါ်ဝါရီလ ၅ရက်က လူမှုကွန်ယက်တွင် မြန်မာ-ယန်စီကော့ပါးလီမိတက်ရှိ Camp-3တွင်တရုတ်နိုင်ငံသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားကြောင်းရေးသားထားမှုနှင့် ပတ်သက်ပြီးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနကယင်းနေ့ညနေတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က “ သေတာတော့မရှိပါဘူး။ စစ်တာတော့ အများကြီးစစ်ထားတယ်။ စောင့်ကြည့်လူနာလည်းမရှိဘူး။ သံသယလူနာလည်းမရှိဘူး” ဟုမဇ္ဈိမသို့ ပြောသည်။

ဆားလင်းကြီးမြို့နယ် မြန်မာ-ယန်စီကော့ပါးလီမိတက်ရှိတရုတ်နိုင်ငံသားများကိုကိုရိုနာဗိုင်းရပ်စ်လက္ခဏများ ဖြစ်သည့် ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းစသည့်လက္ခဏ များရှိမရှိကို နေ့စဉ်စစ်ဆေးမှု များလုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။

မြန်မာ့ရန်စီ-ကော့ပါးလိမိတက်ရှိ Camp-3 တွင် သီးသန့်ထားရှိသောတရုတ်နိုင်ငံသား(၃၄) ဦးရှိကြောင်းစစ်ကိုင်းတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာ-ယန်စီကော့ပါးလီမိတက်ရှိ Camp-3တွင် သီးသန့်ထားရှိသောတရုတ်နိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို2019 Novel Coronavirus (2019-nCoV) စောင့်ကြည့်ခြင်းကို WHO ၏ လုပ်ငန်းစဉ်အတိုင်း (၁၄)ရက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required