ဖေဖော်ဝါရီ ၆။ ။ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်မှု၊ ကွန်ဂရက်ရဲ့ ဆောင်ရွက်မှုတွေကို ဟန့်တားပိတ်ပင်မှုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်၍ ဖေဖော်ဝါရီ ၅ ရက်မှာ အထက်လွှတ်တော်က စစ်ဆေးစီရင်ခဲ့ရာ ထရမ့်မှာ အပြစ်မရှိကြောင်း မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အသာရနိုင်ဖို့အတွက် ယူကရိန်းဆီကနေ အကူအညီ တရားမဝင် ရယူဖို့ ကြိုးပမ်းမှုနဲ့ ထရမ့်ကို ရာထူးကနေ ဖြုတ်ချနိုင်ရေး ဒီမိုကရက်တစ်အမတ်တွေဘက်က ဦးဆောင်ကြိုးပမ်းခဲ့ပေမယ့်လည်း ယခုအခါ ယင်းကြိုးပမ်းမှုအပေါ် ထရမ့်က အလွယ်တကူပင် အနိုင်ရသွားခဲ့ပြီဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်အမတ်တွေ ထိန်းချုပ်ထားတဲ့ ဆိနိတ်မှာ ထရမ့်အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ်ခဲ့ရာ အာဏာအလွဲသုံးမှု စွဲချက်အတွက် ထရမ့်ကို အပြစ်မရှိဘူးလို့ု ဆုံးဖြတ်ဖို့ ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၈ မဲ နဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။
အလားတူ ကွန်ဂရက်ရဲ့ လုပ်ငန်းတာဝန် နှောင့်ယှက်မှုစွဲချက်အတွက် မဲခွဲရာမှာလည်း ထရမ့်ကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်ဖို့် ထောက်ခံမဲ ၅၃ မဲ၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် အတည်ပြုနိုင်ခဲ့ပါတယ်။
“ ဆိနိတ်တာ သုံးပုံ နှစ်ပုံလောက်က ထရမ့်အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ အပြစ်မရှိဘူးလို့ တွေ့ရှိခဲ့တယ်လို့ တင်ပြခဲ့ပါတယ်၊ ဒီတော့ ဒေါ်နယ်ထရမ့်ဟာ ဒီစွဲချက်တွေအတွက် အပြစ်မရှိတော့ပါဘူး” လို့ ဆိနိတ် လွှတ်တော် စစ်ဆေးကြားနာမှုကို ကြီးကြပ်ပေးခဲ့တဲ့ တရားရုံးချုပ်တရားသူကြီးချုပ် ဂျွန် ရောဘတ်စ်က ကြေညာသွားခဲ့ပါတယ်။