တူရကီလေယာဉ် မတော်တဆမှု လူ ၃ ဦး သေပြီး ရာနှင့်ချီ ဒဏ်ရာရရှိ

တူရကီလေယာဉ် မတော်တဆမှု လူ ၃ ဦး သေပြီး ရာနှင့်ချီ ဒဏ်ရာရရှိ

ဖေဖော်ဝါရီ ၆။                ။ တူရကီ ခရီးသည်တင်လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၅ ရက်က အစ္စတန်ဘူလ် လေဆိပ်တစ်ခုကို ဆင်းသက်ခဲ့ရာမှာ ပြေးလမ်းချော်မှု ဖြစ်ပွားလို့ အနည်းဆုံး လူ သုံးယောက် သေပြီး အခြား လူပေါင်း ၁၇၉ ဦး ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်ဟာ ရာသီဥတု ကြမ်းတမ်းနေတဲ့ကြားက လေဆိပ်ကို ဆင်းသက်ခဲ့ရာမှာ ပြေးလမ်းချော်ပြီး လေယာဉ်ကိုယ်ထည်လည်း သုံးပိုင်း ကျိုးသွားခဲ့ပါတယ်။ ဒါ့အပြင် မီးလောင်မှုလည်း ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

တူရကီ ရုပ်သံမှာ တိုက်ရိုက် ထုတ်လွှင့်တဲ့ မြင်ကွင်းတွေအရ ကျိုးသွားတဲ့ လေယာဉ်ကိုယ်ထည်အပိုင်းတစ်ခုထဲကေန လူတွေ ကုတ်တွယ် တက်လာပြီး အပြင်ကို ထွက်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။

တူရကီ စရိတ်နည်း လေကြောင်းလိုင်း Pegasus Airlines ရဲ့ Boeing 737 လေယာဉ်ဟာ အစ္စတန်ဘူလ်ရှိ ဆာဘီဟာ ဂေါ့ခ်ဆန်း လေဆိပ်ကို ဆင်းသက်စဉ် ခုလို ပြေးလမ်းချော်ပြီး သုံးပိုင်းကျိုးသွားခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ကြောင့် တူရကီနိုင်ငံသား သုံးယောက် သေဆုံးပြီး အခြား ၁၇၉ ဦး ဒဏ်ရာတွေ ရသွားတယ်လို့ တူရကီ ကျန်းမာရေးဝန်ကြီး ဖာရက်တင်း ကိုကာက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဒီလေယာဉ်ပေါ်မှာတော့ ခရီးသည် ၁၇၇ ဦး၊ လေယာဉ်အမှုထမ်း ခြောက်ဦး တို့ လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

“ တစ်ချို့ ခရီးသည်တွေဆို သူတို့ဘာသာပဲ အပြင်ကို ရောက်အောင် ထွက်ခဲ့ကြရပါတယ်၊ တချို့ ကျတော့လည်း အပြင်မထွက်နိုင်လို့ အထဲမှာ ပိတ်မိနေပါတယ်၊ သူတို့ကို ကယ်ထုတ်ဖို့လည်း လုပ်နေပါတယ်” လို့ ပို့ဆောင်ရေး ဝန်ကြီး မီမက် ကာဟစ် တာဟန်ကလည်း ပြောသွားပါတယ်။

ယခုဖြစ်စဉ်ဟာ ရာသီဥတု မကောင်းလို့ အဓိက ဖြစ်သွားခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်လာခဲ့တယ်လို့ အစ္စတန်ဘူလ် အုပ်ချုပ်ရေးမှူး အလီ ယာလီကာယာက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly